တပ်မတော်ဆေးပညာဖြင့် အစဉ်အလာမပျက်အကျိုးပြု

 

 

(၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့အခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အစဉ်အလာကောင်းများကို နောင်လာနောက်သားတို့အား လက်ဆင့်ကမ်းနိုင်ရေးကြိုးပမ်းကြပြီး စိန်ရတုကာလပြည့်မြောက်ခဲ့သည့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် မာကျောကျစ်လျစ်ခိုင်မာပြီး တန်ဖိုးရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့အဖြစ် ထိန်းသိမ်းကာ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်မက ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ပါစေ”ဟု ဆုမွန်ကောင်းတောင်းခဲ့သည်။

 

မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းက တပ်မတော်နှင့်အတူ ပေါက်ဖွားလာသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။ ခေတ်အဆက်ဆက်တွင်လည်း ဆေးတပ်ဖွဲ့ဝင်များသည် တိုင်းပြည်နှင့် လူမျိုးအကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သည့် ထူးခြားထင်ရှားသော သမိုင်းမှတ်တိုင်များရှိသည်။ နိုင်ငံတော်အပေါ် ကျရောက်လာသည့် ပြည်တွင်း၊ ပြည်ပ ရန်စွယ်အန္တရာယ်များကို တပ်မတော်က တွန်းလှန်ကာကွယ်ရာ၌ ဆေးဝန်ထမ်းတပ်ဖွဲ့သည် “ကျန်းမာကြံ့ခိုင်တိုက်နိုင်ရန်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ တပ်မတော်သားများ အစဉ်ထာဝရကြံ့ခိုင်ပြီး တိုက်စွမ်းရည်ပြည့်ဝစေရန် ဆောင်ရွက်ပေးလျက် ရှိသည်။

 

ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ ခေတ်အဆက်ဆက်တွင် ပြည်သူလူထု ကျန်းမာရေး လိုအပ်ချက်များကို ကျရာကဏ္ဍမှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ မျက်မှောက်ကာလတွင် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကွက်လပ်ကို တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၏ စွမ်းပကားဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် ရောဂါကူးစက်ဖြစ်ပွားသည့် ပြည်သူများအား အရေးပေါ်ကယ်တင်ကုသပေးနိုင်ခဲ့သည်။ သာမန်အချိန်များတွင်သာမက သဘာဝဘေး အန္တရာယ်ကျရောက်ချိန်များတွင် ဆေးဝန်ထမ်းတပ်ဖွဲ့၏ “စေတနာ အကြင်နာ ဘေးကင်းကွာ”ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါ ကာကွယ်မှုတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထူးခြားမှုမှာ စစ်ဆင်ရေးနယ်မြေများသို့ သွားရောက်သည့်အခါတွင် ရောက်ရာဒေသမှ ပြည်သူများ၏ကျန်းမာရေးကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

 

ထူးခြားမှုမှာ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် ထူးခြားထင်ရှားသောဆေးပညာမှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။ တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြော အား stent ထည့်ကုသခြင်း၊ နှလုံးခုန်နှုန်း ထိန်းညှိစက်ထည့်သွင်းခြင်း၊ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း၊ ရင်ခေါင်းခွဲစိတ်ကုသခြင်း စသည့်အဆင့်မြင့်ကုသမှုတို့ကို နိုင်ငံတကာနှင့်တန်းတူ ဆောင်ရွက်လာနိုင်သည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။ မကြာသေးမီက မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့သည် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဆေးပညာမှတ်တိုင်သစ်ကိုစိုက်ထူနိုင်ခဲ့သည်။

 

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ လက်လှမ်းမမီသည့်ဒေသ၊ လက်လှမ်း မမီသည့် ကုသမှုဟူ၍ မရှိသလောက်ဖြစ်လာပြီဖြစ်သည်။ တပ်မတော်ကို ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ရာ၌ ကျန်းမာကြံ့ခိုင်သော လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးခဲ့သည်။ ဆေးဝန်ထမ်းတပ်ဖွဲ့သည် တပ်မတော်အတွက်သာမက ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရာ၌လည်း ပစ်ပယ်မထားဘဲ အချိန်တိုင်း၊ အခါတိုင်း၊ အရေးကြုံလာတိုင်း ပါဝင်ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသောတပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့သည် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အစဉ်အလာကောင်း များကိုစိုက်ထူနိုင်ခဲ့သည်မှာ စိန်ရတုကာလသို့ပင် ရောက်ရှိလာပြီဖြစ်သည်။ ရှေ့ဆက်၍လည်း တိုင်းပြည်ကာကွယ်ရေးတာဝန်သာမက နိုင်ငံတော်နှင့်ပြည်သူ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းဆောင်နေမည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ