နေပြည်တော် ဇူလိုင် ၁၆

 

NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံများဖြစ်သည့် CNF ၊ CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ချင်းပြည်နယ် ထန်တလန်မြို့အား အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ထန်တလန်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား သာလွန်အင်အားများ၊ လက်နက်ကြီးများကို အဆမတန်အသုံးပြု၍ စစ်ရေးပစ်မှတ် မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေ အဆောက်အအုံများကို အကာအကွယ်ရယူကာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ ခံခုခံခဲ့ကြသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာရရှိမှုများ များပြားလာခြင်း၊ ခဲယမ်းများနည်းပါးလာခြင်း၊ ရာသီဥတုအခြေအနေ၊ နယ်မြေ အခြေအနေနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာသည့် အတွက် ထန်တလန်မြို့မှ ခေတ္တ ဆုတ်ခွာပေးခဲ့သည်။

 

mdn

 

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ထန်တလန်မြို့အား ယာယီ ထိန်းချုပ်ထားစဉ်အတွင်း လူနေ အဆောက်အအုံများ အတွင်းရှိ အသုံးအဆောင်ပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်အသုံးပြုခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိက အဆောက်အအုံများ၊ စာသင် ကျောင်းများနှင့် ဆေးရုံဆေးခန်းများ၌ ဘန်ကာများ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ ပြုလုပ်ကာ အခိုင်အမာ ခံစစ်ဆင်၍ မြို့၊ ရွာများအတွင်း တိုက်ပွဲများ ဖော်ဆောင်ရန် ကြိုးပမ်းလာသောကြောင့် တပ်မတော်စစ်ကြောင်း များက ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်နှင့် မြို့၊ ရွာများ အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ပြန်လည်သိမ်းပိုက်ရရှိရေး တို့အတွက် စီမံချက်များရေးဆွဲကာ လိုအပ်သည့် ပြင်ဆင်စုဖွဲ့များ ဆောင်ရွက်ပြီး အဆိုပါအကြမ်း ဖက်သောင်းကျန်းသူများအား အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation) ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထန်တလန်မြို့အား အလုံးစုံ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှု များစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး သွားခဲ့ကြသည်။

 

ထိုသို့ ထိခိုက်သေဆုံးမှု များပြားခဲ့သော CNF၊ CDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ထန်တလန် မြို့အား ပြန်လည်တိုက်ခိုက်ရန်အတွက် လူ၊ လက်နက်ခဲယမ်းများ ပြန်လည်စုဆောင်းကာ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ဒုတိယ အကြိမ်အဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက်ရယူကာ လူအင်အား၊ လက်နက်အင်အား သာလွန်စွာဖြင့် တိုက်ခိုက်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထန်တလန်မြို့အား ရန်သူ့လက်သို့ မကျရောက်စေရေး ကျားကုတ်ကျားခဲ ရဲရဲဝံ့ဝံ့ခုခံခဲ့ကြသော်လည်း အကြမ်းဖက်သောင်း ကျန်းသူများသည် လူအင်အားများ အဆမတန် ဖြည့်တင်းလာခြင်း၊ ပြည်သူလူထုနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု များပြားလာခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထန်တလန်မြို့ အတွင်းရှိ နေရာအချို့အား ယာယီ ဆုတ်ခွာ စွန့်လွှတ်ခဲ့ကြရပြီး ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားခဲ့သည်။

 

တပ်မတော် စစ်ကြောင်းများ အနေဖြင့် ထန်တလန်မြို့အတွင်းရှိ ယာယီစွန့်လွှတ်ခဲ့ရသော နေရာများအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေး လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ် ဇွန် ၁၂ ရက်မှစ၍ အကြမ်းဖက် သောင်းကျန်းသူများအား အခက်အခဲမျိုးစုံကြားမှ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ထန်တလန်မြို့အတွင်းရှိ မြို့နယ် ရဲစခန်းအား ဇွန် ၁၃ ရက်တွင် လည်းကောင်း၊ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းအား ဇွန် ၁၉ ရက်တွင်လည်းကောင်း၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအား ဇူလိုင် ၅ ရက်တွင် လည်းကောင်း၊ ပြည်သူ့ဆေးရုံအား ဇူလိုင် ၈ ရက်တွင်လည်းကောင်း၊ မြို့နယ်မီးသတ်ရုံးအား ဇူလိုင် ၁၂ ရက်တွင်လည်းကောင်း၊ ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းတွင် ဟိုတယ်ဇုန်နေရာအား လည်းကောင်း အသီးသီး ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သဖြင့် ယနေ့တွင် ထန်တလန်မြို့အား အလုံးစုံ ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

 

အဆိုပါ ဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်ဆုံး ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ပြန်လည်ထူထောင်ရေး ပစ္စည်းများနှင့် ထောက်ပံ့ရေး ပစ္စည်းများကို တပ်မတော် လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာဒေသအလိုက် အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများအလိုက် ဒေသတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်