တပ်ကုန်း ၁၄ ဧပြီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အချိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ယာဉ် အဝင်/အထွက် သွားလာမှုနှင့် မြို့မဈေး လူစုလူဝေး မဖြစ်ပေါ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ ကြို့ပင်သာမြို့အဝင် စစ်ဆေးရေးဂိတ်၊ ပင်လောင်း-ကင်းသာ စစ်ဆေးဂိတ်များတွင် ခရီးသွား ပြည်သူများအား သွားရောက်မည့် ခရီးစဉ်လမ်းကြောင်းများ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရေး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှ တပ်ကုန်းမြို့သို့ ဆက်သွယ်ထားသော မြို့အဝင်လမ်းတွင် ယာဉ်အဝင်အထွက်များကို မကြာခဏ တားဆီးစစ်ဆေး ဆောင်ရွက်ရန်လည်းကောင်း၊ မြို့မဈေးနှင့် ပျံကျဈေးအကြားရှိ ဗိုလ်ချုပ်လမ်းဘေးပေါ်တွင် ဈေးရောင်းချခြင်း မရှိစေရေး၊ ဈေးရောင်းချသူများကို (၃)ပေခန့်အကွာ နေရာချဆောင်ရွက်ရေး၊ ဈေးရောင်းသူ/ ဈေးဝယ်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်၍ ရောင်းဝယ်စေရန် လည်းကောင်း၊ ဈေးဝယ်လာသူများ ဈေးအပေါက်ဝတွင် လက်ဆေးစေရန်နှင့် ဈေးဝယ်ပြီး ပြန်ထွက်လာချိန်မှာလည်း လက်ဆေးစေရန် ဆောင်ရွက်ရေးကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မဈေးတာဝန်ခံ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊မြို့ဖများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


