ဘားအံ၊ ၁၈ မေ
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မေ ၁၇ ရက် မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ သီရိဈေးရုံသစ်(၄)ရုံ တည်ဆောက်ရေးလုပ်ငန်းနှင့် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသစ် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ One Story Steel Structure Building အမျိုးအစား (ပေ ၄၀ X ပေ ၈၀) ဈေးရုံ(၄)ရုံ၊ သီရိဈေးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ခံအင်ဂျင်နီယာများက တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံချက်များအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဈေးရုံသစ် တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဈေးရုံသစ်များ တည်ဆောက်ပြီးစီးပါက ဈေးဆိုင်ခန်းများအား စနစ်တကျနေရာချထားပေးရန်၊ ရေ၊ မီး အစရှိသည့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အများသုံးသန့်စင်ခန်းများအား စနစ်တကျ ထားရှိဆောင်ရွက်ပေးသွားရန်နှင့် သန့်ရှင်းသာယာလှပ၍ ဈေးအင်္ဂါရပ်များနှင့်အညီ စီမံဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးဝင်းအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် RC (၂)ထပ် ပြည်နယ်ရုံးသစ် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစုံမိုင်းနှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း မြန်မြန်ဆန်ဆန်ဖြင့် အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


