ထားဝယ် မေ ၅
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက မီးသတ်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်အတွင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါတိုင်းတွင် ပရဟိတစိတ်ဓာတ်ကို အခြေခံပြီး စွန့်လွှတ်စွန့်စားစွာ ကူညီဆောင်ရွက် ပေးနေသူများဖြစ်သောကြောင့် နိုင်ငံတော်က အသိအမှတ်ပြုပြီး ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်များကို ခေတ်အဆက်ဆက် ဂုဏ်ပြုချီးမြှင့် ပေးလာခဲ့သည်မှာ နှစ်ပေါင်း ၈၀ အတွင်း မီးသတ် တပ်ဖွဲ့ဝင်ပေါင်း ၅၅၀ အထိ ရှိခဲ့ပြီဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များသည် ဘေးဒုက္ခအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့ အသက်နှင့် ခန္ဓာကိုယ်ကိုအရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရသောကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသော မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်နိုင်သည့် ပြည်သူအားကိုးရ သောတပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာ ကြိုးစားတည်ဆောက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စံပြထူးချွန်ဆု၊ ထူးချွန်ဆု၊ စံပြမီးသတ်စခန်းဆုနှင့် မီးသတ် လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးသော လူမှုကူညီရေးအသင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ချီးမြှင့်ပြီး မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မီးငြှိမ်းသတ်ရေး၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ပြည်သူ့အကျိုး ပြုဆောင်ရွက်ရေး၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ချက်များ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


