တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ရာနှုန်းပြည့်ပြီးစီး

တနင်္သာရီ မတ် ၂၉

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) လုပ်ငန်း (၁၂)ခုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၎င်းကျေးရွာ(၁၂)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။ 

 

တနင်္သာရီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှခွင့်ပြုငွေ ကျပ်သိန်း(၁၀၀)ဖြင့် စုစုပေါင်း ငွေကျပ် သိန်း(၁၂၀၀)နှင့် ပြည်သူ့ထည့်ဝင်ငွေ ကျပ် ၁၈ ဒသမ ၇၉ သိန်းတို့ဖြင့် သာရဖုံ(ရ)ကျေးရွာ၊ သိန်ခွန်းရွာ၊ လယ်တောင်ယာရွာ၊ ကျွဲထိန်းကုန်းရွာ၊ ခြောက်မိုင်ရွာ၊ မြေမအုံရွာ၊ ဆန်းသစ်ကျေးရွာ၊ ရေဖြူရွာ၊ ကမ္ပလိုင်းရွာ၊ ချောင်းလမုရွာ၊ ဘန်းလမွတ်ရွာနှင့် သဲဖြူကျေးရွာတို့၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း(၆)ခု၊ မြေသားလမ်းခင်းခြင်းလုပ်ငန်း (၂)ခုနှင့် ကျေးရွာရေပေးဝေရေးလုပ်ငန်း (၃)ခုတွင် ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်နှစ်ခုနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း ပေ(၄၁၈၀)နှင့် သဲဖြူကျေးရွာ၌ ကျေးရွာသုံးခန်းမ (ပေ ၃၀ x ၂၄ ပေ x ၁၂ ပေ) ဆောက်လုပ်ခြင်းလုပ်ငန်းတို့မှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ခေတ္တမြို့နယ် ဦးစီးမှူး ဒေါ်သူဇာမိုးထံ သိရသည်။

 

အဆိုပါကျေးရွာ (၁၂)ရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) လုပ်ငန်းအားလုံး ပြီးစီးပြီဖြစ်သဖြင့် ၎င်းကျေးရွာများရှိ အိမ်ခြေ (၂၈၃၅)စုမှ လူဦးရေ (၁၄၆၆၁)ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)