တနင်္သာရီမြို့နယ် ကျေးရွာအချို့တွင် ဆောင်းခိုငှက်များ ထူးခြားစွာ လာရောက်ကျက်စားလျက်ရှိ

တနင်္သာရီ  ၂၆  ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအချို့ရှိ လယ်ကွင်းများ၊ ရေအိုင်နေရာများတွင် ယခုနှစ်ဆောင်းရာသီအတွင်း ဆောင်းခိုငှက်များထူးခြားစွာ ရောက်ရှိကျက်စားလျက် ရှိနေသည်ကို ခရီးသွားများနှင့် ဒေသခံပြည်သူများထံမှ မျက်မြင်တွေ့ရှိပြီး ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

တနင်္သာရီမြို့နယ် ဆင်ခြေဖုံး ကျေးရွာအုပ်စု မရင်းကြီးကျေးရွာ၊ တကူကျေးရွာအုပ်စု တကူကျေးရွာများတွင် အုပ်စုအလိုက်နှင့် မောတောင်မြို့ အနီးတွင် ကောင်ရေအနည်းငယ်တို့ကို လယ်ကွင်းများနှင့် ရေအိုင်များအနီး တစ်ဝိုက်တွင် အုပ်စုလိုက် ပျံသန်းကျက်စားနေသည်ကို တွေ့ရှိရကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်းက ပြောသည်။

အဆိုပါ ဆောင်းငှက်များသည်ခရုလုပ် ငှက်မျိုးစိတ်များဖြစ်ပြီး လယ်ကွက် အတွင်းရှိ အပင်ဖျက်ခရုများကို စားသောက်ဖျက်ဆီးပေးသဖြင့် တောင်သူဦးကြီးများအတွက် အကျိုးပြုသည့် ငှက်များဖြစ်သည့်အပြင် လူနှင့် ရင်းနှီးပြီး အနီးကပ်သွားလာ နေထိုင်မှုများရှိနေသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ဆောင်းခိုငှက်များကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေရေးအတွက် ၎င်းငှက်များ လာရောက်ကျက်စားရာဒေသများတွင် ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုရန်နှင့်ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် ပညာပေးဗီနိုင်း ပိုစတာများ စိုက်ထူပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို မကြာမီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံအတွင်း အစာရှာရင်း ရောက်ရှိလာကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း အလယ်ပိုင်းဒေသများတွင်သာ လာရောက်ဆောင်းခိုလေ့ရှိကြပြီး တနင်္သာရီတိုင်းအတွင်းမြို့နယ် အချို့နှင့် တနင်္သာရီမြို့နယ် ဒေသအချို့ သို့ ယခုနှစ်မှ ထူးခြားစွာ ရောက်ရှိလာကြခြင်းဖြစ်သည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)