တွင်းမကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မီးရှို့ခဲ့ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အလယ်တန်းပြဆရာမ တစ်ဦး အပါအဝင် စုစုပေါင်း အရပ်သားပြည်သူ ၁၁ ဦး သေဆုံး၊ ၁၂ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် တွင်းမကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မီးရှို့ခဲ့ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အလယ်တန်းပြဆရာမ တစ်ဦး အပါအဝင် စုစုပေါင်း အရပ်သားပြည်သူ ၁၁ ဦး သေဆုံး၊ ၁၂ ဦးဒဏ်ရာရ

 

နေပြည်တော် ဩဂုတ် ၇

 

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် တွင်းမကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ခန့်သည် ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်ခြံဝင်းတစ်ခုအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အလယ်တန်းပြ ဆရာမတစ်ဦး အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦး သေဆုံးခဲ့ကာ အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

မီးရှို့ဖျက်ဆီး

 

ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ခန့် က တွင်းမကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ ဦးသာဘို၏ နေအိမ်ခြံဝင်းကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက် မီးရှို့ခဲ့ခြင်းကြောင့် ဦးသာဘို၏ နေအိမ်တွင် လာရောက်တည်းခို နေထိုင်လျက်ရှိသည့် အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အလယ်တန်းပြဆရာမ တစ်ဦး အပါအဝင် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာတွင် နေထိုင်သည့် အမျိုးသား နှစ်ဦးကို သတင်းပေး ဒလန်ဟုစွတ်စွဲ၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

အကြမ်းဖက် သမားများ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည့် ပြည်သူများက ယခုကဲ့သို့ ပြောကြားခဲ့သည်။

 

 “ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ ဘယ်သွားလို့ သွားရမှန်း မသိတဲ့အထိ ဖြစ်နေပါပြီ။ ဒီမှာအကုန် ဒုက္ခတွေ ရောက်နေကြပါတယ်။ မှတ်ပုံတင်တချို့နဲ့ ဆိုင်ကယ်တွေရော လူတွေပါ အကုန်အိမ်ထဲကို ထည့်ပြီးမီးရှို့သွားတယ်။ သူတို့က လူသားချင်းမစာမနာ လုပ်သွားကြတာပါ။ ကျွန်တော်တို့မှာ ဘာလက်နက်မှမရှိသလို ဘာမှလည်း ပြန်လုပ်လို့ မရပါဘူး။ အိမ်ကိုလာတဲ့ သူတို့အဖွဲ့က အယောက် ၃၀ အနည်းဆုံးရှိပါတယ်။ လာပစ်တော့ ကျွန်တော်က ကျန်တဲ့လူတွေကို ပြေးပါပြေးပါ ဆိုပြီး အော်ပြောပြီး သူတို့အရှေ့ကနေ ဖြတ်ပြေးခဲ့ပါတယ်။ အဲဒီလို ပြေးတော့ ကျွန်တော့်ကို လိုက်ပစ်ပါတယ်။ ကျွန်တော့်ခေါင်းပေါ်က ဆံပင်ကြားထဲကနေ တစ်ချက်ကျော်သွားပါတယ်။ အဲဒီလို ပြေးနေရင်းနဲ့ ကျွန်တော်က ချုံထဲကို ဝင်ပြေးသွားတော့ ကျွန်တော့် ကိုအဓိကထားပြီး လိုက်ပစ်ကြပါတယ်။ အဲဒါကြောင့် ချုံထဲမှာ ကျွန်တော့်ကို တစ်ချက်ထပ်မှန်ပါတယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ ညီကထွက်ပြေးတော့ သူ့ကိုပါ လိုက်ပစ်ပါတယ်။ မှန်တဲ့သူတွေ တော်တော်များပါတယ်။ အခု မန္တလေးဆေးရုံကို လွှဲလိုက်တဲ့ တစ်ဦးက တံတောင်ဆစ်ရဲ့ အထက်နားမှာရှိတဲ့ လက်မောင်းကို မှန်ပါတယ်။ အရိုးရော အသားပါ ကွာသွားပါတယ်။ အခု ဒီမှာ တက်နေတဲ့ ကလေးတွေဆိုရင်လည်း တူမီးတွေနဲ့ အပစ်ခံထားရတဲ့အတွက် ခဲစတွေ အများကြီး မှန်ထားပါတယ်။ အခုထုတ်နေကြပါပြီ၊ အခက်အခဲတွေလည်း ဖြစ်နေပါတယ်။ ဘယ်သူ့ကို အားကိုးရမှန်းမသိဘူး ဖြစ်နေပါတယ်။ ဘယ်လို ပြောရမှန်းလည်းမသိဘူး ဖြစ်နေပါတယ်” ဟု အမျိုးသားတစ်ဦးက ပြောသည်။

 

mdn

 

 

အကုန်လုံးကို ပစ်သတ်

 

“သူတို့က လူတွေအကုန်လုံး ထွက်ခဲ့ကြ၊ လူတွေ ဘယ်မှာလဲဆိုပြီး အိမ်ပေါ်တွေကို စက်သေနတ်တွေနဲ့ ရမ်းပြီးပစ်ကြ ပါတယ်။ အဲဒီလို ပစ်လိုက်တဲ့အတွက် လူတွေ အကုန်လုံးက အသံမထွက်ဘဲနဲ့ အိပ်ရာအောက်မှာ ပုန်းနေကြပါတယ်။ နောက်တော့ လူတွေကို မြင်သွားတော့ လူတွေအကုန်လုံးထွက်ခဲ့ဆိုပြီး အိပ်ရာအောက်ကို ရမ်းပစ်ပါတယ်။ တချို့တွေကို ထိမှန်ပြီး တချို့ကိုတော့ မထိမှန်ခဲ့ကြပါဘူး။ အကုန်လုံးထွက်ခဲ့လို့ ပြောပေမယ့် ဘယ်သူမှ မထွက်ရဲကြပါဘူး၊၊ အမေ့ကကျတော့ ထိုင်စရာမရှိပါဘူး။ ကလေးကလည်း ငိုနေတဲ့အတွက် နို့တိုက်ရင်းနဲ့ ထိုင်နေပါတယ်။ ထွက်ခဲ့လို့ပြောတော့ အမေက ရှေ့ဆုံးကနေ ထွက်သွားပါတယ်။ အမေထွက်တော့ကျန်တဲ့ ကလေးသူငယ်တွေနဲ့ အကုန်လုံးက လိုက်ပြီးထွက်လာကြပါတယ်။ မိဘထွက်ရင် လိုက်ထွက်ကြမယ်ဆိုပြီး ကလေးတွေ အကုန်လုံး အိမ်ရှေ့ကို ထွက်ကြပါတယ်။ အကုန်လုံးကို မှောက်ခိုင်းထားပြီး “မော့မကြည့်နဲ့ မော့ကြည့်ရင်ပစ် မှာ” ဟု ပြောပါတယ်။ အဲဒီအခါ ကျတော့ လူကြီးတွေကိုတော့ သတ်ချင်ရင်သတ်ပါ၊ ကလေးတွေ ကိုတော့ ချမ်းသာပေးပါဆိုပြီး တောင်းပန်ခဲ့ကြပါတယ်။ အဲဒီလို ပြောတော့ ခင်ဗျားတို့ကို ငဲ့စရာမလိုဘူး၊ ခင်ဗျားတို့အလှည့်တုန်း ကလည်း ကျုပ်တို့ကို လှည့်ကြည့်တာ မဟုတ်ဘူးလို့ ပြောပြီး အကုန်လုံးကို သေနတ်နဲ့ ပစ်သတ်ပါတယ်။ သမီးလည်း ကြောက်ကြောက် လန့်လန့်နဲ့ နားကိုပိတ်ပြီး မှောက်လျားထိုးပြီး ငြိမ်နေတုန်း သမီးညီမလေးရဲ့အသံကို ကြားလိုက်ရပါတယ်။ သမီးလည်း အမေ့ကိုသတ်တာကို သမီးကမြင်သွားတယ်ဆိုတာ သိမှာစိုးလို့ အသာလေးငြိမ်နေလိုက်ပါတယ်။ ခဏနေတော့ သမီးရဲ့လက်တွေကိုပါ ကျည်ဆန်လာထိပါတယ်။ သမီးလည်း ကြောက်ကြောက်လန့်လန့်နဲ့ ဘုရားစာတွေဆိုနေ လိုက်ပါတယ်။ ခဏလောက်ကြာတော့မှ အသံတွေမကြားတော့လို့ မော့ကြည့်လိုက်တော့ သူတို့လည်း မရှိတော့ပါဘူး။ ဘေးကလူတွေကို ကြည့်လိုက်တော့ အကုန်လုံး သွေးအိုင်ကြီးထဲမှာလဲပြီး သေနေကြပါပြီ။ သမီးညီမလေးကတော့ ငိုနေပါတယ်။ ရှေ့ဆုံးက လေးသင်ရဲ့သားနဲ့ သမီးကတော့ ဒဏ်ရာရထားကြပါတယ်။ လေးသင်ရဲ့ သားအကြီးဆုံး ကောင်လေးက အပျော့လေးပါ၊ သူ့မှာလမ်းတောင်မှ ကောင်းကောင်း မလျှောက်နိုင် ပါဘူး။ အဲဒီလိုဖြစ်နေတဲ့သူ့ရဲ့ ခြေထောက်တွေကို မှန်သွား ပါတယ်။ သူတို့အဖေကအိမ်ထဲမှာ ပုန်းနေတာကနေ ထွက်လာတာ၊ သူ့သားသမီးတွေနဲ့ သမီးရဲ့ ညီမလေးကိုပါ ခေါ်သွားပါတယ်။ တစ်နှစ်ခွဲပဲ ရှိသေးတဲ့ သမီးရဲ့ မောင်လေးဆိုရင်လည်းလက်တွေ၊ ခေါင်းတွေရော၊ လက်ဖျံတွေပါ ကျည်ဆန်တွေ မှန်ထားပါတယ်။ ကလေးက မျက်ဖြူလန်ပြီး မတရားအော်နေလို့ဆိုပြီး သူ့ကိုပွေ့ပြီးအိမ်အောက်ကိုသွားတော့ သမီးမောင်လေး အလတ်ကောင်မှာလည်း ကျည်ဆန်ထိတားတာကို တွေ့လိုက်ရပါတယ်။ အဘွားကို ကျတော့ တစ်ချက်မှမထိပါဘူး။ အဲဒါနဲ့ အဘွားကိုကလေးပေးပြီး သမီးရဲ့ မောင်လေးကို ပွေ့လိုက်ပါတယ်။ သမီးရဲ့ မောင်လေးက ပေါင်နှစ်ဖက်လုံး ထိထားတဲ့အတွက် လမ်းမလျှောက်နိုင်တော့ ပါဘူး။ လွတ်ရာကို ပြေးကြမယ်ဆိုပြီး သမီးတို့အိမ်ရဲ့အရှေ့ဘက်မှာ ရှိတဲ့အိမ်ကို ပြေးပါတယ်။ အဲဒီကိုရောက်တော့ လူစုကွဲသွား ပြီး သမီးနဲ့ သမီးရဲ့မောင်လေးပဲ ကျန်ခဲ့ပါတယ်။ အိမ်ထဲကို ပတ်ရှာလိုက်မှ အဘွားတို့နဲ့ တွေ့ပါတယ်။ အဲဒီအိမ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ဝိုင်းအလွတ်ကြီးထဲကို ပြေးကြပါတယ်။ အဲဒီကို ရောက်တော့ မြက်တောထဲမှာ အကုန်လုံး ပုန်းနေကြပါတယ်။ ဒဏ်ရာရထားတဲ့ ကလေးအငယ်လေးက တအားငိုနေတဲ့အတွက် ကလေးအသံကြောင့် တွေ့သွားရင် အကုန်လုံး သေမှာလို့ပြောပြီး လူစုခွဲခဲ့ကြပါတယ်။ အဘွားက ဘယ်ထွက်သွားလိုက်လဲတော့ မသိဘူး သမီးနဲ့ သမီးမောင်လေးက ချုံပုတ်ထဲမှာ ပုန်းပြီး ကျန်ခဲ့ ပါတယ်” ဟု အမျိုးသမီးငယ်တစ်ဦး က ပြောသည်။

 

ဆေးကုသမှုခံယူ

 

ဖြစ်စဉ်ဖြစ်ပွားရာ ကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ အကြမ်းဖက်သူများကို ဖမ်းဆီးရမိနိုင်ရေး ကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ဝိုက် စစ်ဆေးဖော်ထုတ်လျက်ရှိပြီး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးကာ ဒဏ်ရာ ရရှိသူများအား ပခုက္ကူမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိသည်။ ထို့ပြင် သေဆုံးသူများနှင့် ဒဏ်ရာရရှိ သူများအတွက် မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တို့က ထောက်ပံ့သည့် ထောက်ပံ့ငွေများကို တစ်ဦးချင်း လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။           

 

သတင်းစဉ်

 

mdn
မြိုင်မြို့နယ် တွင်းမကျေးရွာတွင် PDF အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ကလေးငယ်တစ်ဦးအား တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ငွေပေးအပ်စဉ်။