တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် နေပြည်တော်တစ်ခွင် လည်ပတ်သွားလာ ပျော်ရွှင်နေကြသူများ၏ ရင်တွင်းစကားသံများ

၁၉ နိုဝင်ဘာ 

တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း နေပြည်တော်ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်တို့တွင် မိသားစုနှင့် လည်းကောင်း၊ သူငယ်ချင်း၊ မိတ်ဆွေများနှင့် လည်းကောင်း လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိရာ ၎င်းတို့နှင့် တွေ့ဆုံ၍ ရင်တွင်းခံစားချက်များကို မေးမြန်းရေးသား စုစည်းတင်ပြလိုက်ရပါသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - မိုက်ကယ်ထန်း

 

ဒေါ်ခင်နန်းစိုး (တာဝန်ခံ၊ ဝန်ဆောင်မှုဌာန၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်)

သီတင်းကျွတ်ပိတ်ရက် ငါးရက်မှာ ဧည့်သည်တွေ အဝင်များခဲ့တယ်။ အခု တန်ဆောင်တိုင်ပိတ်ရက်မှာလည်း လပြည့်နေ့ကျရင် ဧည့်သည်တွေ အဝင်များ လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဝန်ဆောင်မှုအနေနဲ့ နှစ်ယောက်တည်းလာတဲ့ ဧည့်သည်တွေ ဥယျာဉ်ထဲမှာ လည်ပတ်နိုင်ဖို့အတွက် လျှပ်စစ်စက်ဘီးတွေ စီစဉ် ထားပါတယ်။ ဈေးနှုန်းအနေနဲ့ လျှပ်စစ်စက်ဘီး တစ်နာရီ ငွေကျပ် ၂၀၀၀၊ ကား ဝန်ဆောင်မှုအနေနဲ့ အရင်ကလူတစ်ယောက်ကို တစ်နာရီ လူကြီး ကျပ် ၁၀၀၀ နဲ့ ကလေး ကျပ် ၅၀၀ ဆိုပြီး သတ်မှတ်ခဲ့ရာကနေ အခုလူတိုင်းကားစီးပြီး လည်ပတ်နိုင်အောင် ဒီလကစပြီး တစ်ယောက် ငွေကျပ် ၅၀၀ သတ်မှတ်လိုက် ပါပြီ။ နောက်ထပ် ဝန်ဆောင်မှုအနေနဲ့ ရိုးရာဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်လို့ရအောင် စီစဉ်ထားပါတယ်။ ပြီးရင် အခုလို အခါကြီးရက်ကြီးကာလမှာလည်း တိုင်းရင်းသားရိုးရာအိမ်တွေမှာ ရိုးရာဝတ်စုံတွေ ထားပေးထားပြီး ဓာတ်ပုံရိုက်နိုင်အောင် စီစဉ်ပေးထားပါတယ်။

 

နောက်ပိုင်းကျရင် တိုင်းရင်းသားရိုးရာအိမ်တွေမှာ ဓာတ်ပုံရိုက်ပြီး ရိုးရာ အစားအစာတွေ စားလို့ရအောင် ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ လာရောက်လည်ပတ်မယ့် ဧည့်သည်တွေကို မဲဇလီဖူးသုပ် စတုဒိသာကျွေးပါမယ်။ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် အခုထက်ပိုမိုတိုးတက်လာဖို့ ကစားကွင်းတွေ ထပ်ဖြည့်မယ်၊ တိုင်းရင်းသားရိုးရာ အိမ်တွေမှာ ရိုးရာအသုံးအဆောင်ပစ္စည်းတွေ ပိုမိုပြည့်စုံအောင်ထားမယ်၊ အခါကြီးရက်ကြီးကာလတွေမှာ ဖျော်ဖြေပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

 

ဦးဇော်မင်း (တပ်ကုန်းမြို့)

 

တပ်ကုန်းကနေ မနက် ၇ နာရီလောက်က စထွက်လာပြီး အခုအမျိုးသား အထိမ်းအမှတ်ဥယျာဉ်ကို မိသားစု၊ သူငယ်ချင်းတွေနဲ့ လာရောက်လည်ပတ်တာ ပါ။ ပြီးရင် တိရစ္ဆာန်ဥယျာဉ်နဲ့ ရေပန်းဥယျာဉ်တို့ကို လည်ပတ်ပြီး ဥပ္ပါတသန္တိ စေတီတော်ကို သွားရောက်ဖူးမြော်ဖို့ စီစဉ်ထားပါတယ်။ ဒီလိုရုံးပိတ်ရက်ရှည် ကာလမှာ မိသားစုနဲ့အတူတူ လည်ပတ်ခွင့်ရတဲ့အတွက် အတိုင်းမသိ ပျော်ရွှင် ကြည်နူးမိပါတယ်။

မဆောင်းနှင်းဝေ (တပ်ကုန်းမြို့)

 

သမီးကကျောင်းသူဖြစ်တဲ့အတွက် တန်ဆောင်တိုင်ကျောင်းပိတ်ရက်မှာ မိသားစုနဲ့အတူ နေပြည်တော်အတွင်း လည်ပတ်နေတာပါ။ အခု အမျိုးသား အထိမ်းအမှတ်ဥယျာဉ်ကို အရင်စလည်မယ်။ ပြီးရင် နေပြည်တော်မှာရှိတဲ့ ဘုရား တွေ၊ ရေပန်းဥယျာဉ်၊ လှေခွင်းတောင်သွားမယ်။ နောက်ရက်မှာ တပ်ကုန်း တန်ဆောင်တိုင်ကို လည်မယ်လို့ စီစဉ်ထားပါတယ်။ တန်ဆောင်တိုင်ကျောင်းပိတ် ရက်မှာ မိသားစုနဲ့လည်ပတ်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။

 

မအေးမြတ်သူ (ရန်ကုန်မြို့)

 

တန်ဆောင်တိုင် အလုပ်ပိတ်ရက်မှာ နေပြည်တော်မှာရှိတဲ့ အထင်ကရနေရာ တွေကို လာရောက်လည်ပတ်ခြင်း ဖြစ်ပါတယ်။ လည်ပတ်ဖို့ စီစဉ်ထားတဲ့နေရာ တွေကတော့ ဗုဒ္ဓဂယာ၊ ဥပ္ပါတသန္တိစေတီတော်နဲ့ နေပြည်တော်က ဘုရားတွေ ဖူးမှာပါ။ ညနေပိုင်းမှာတော့ ရေပန်းဥယျာဉ်သွားပြီး အပန်းဖြေဖို့ စီစဉ်ထားပါ တယ်။ အလုပ်နားချိန်မှာ ဒီလိုလည်ပတ်ခွင့်ရတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ အနားယူ ခြင်းဖြစ်သလို စိတ်ပျော်ရွှင်မှုလည်း ရရှိပါတယ်။

 

မောင်ဖြိုးဝေ (ဆီးဖြူပင်ရွာ၊ တပ်ကုန်းမြို့)

 

ရွာက ဆရာတွေ၊ သူငယ်ချင်းတွေနဲ့အတူ ကျောင်းပိတ်ရက်မှာ နေပြည်တော်ကို လာလည်တာပါ။ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် အရင်လည်ပြီး နေပြည်တော်အတွင်းမှာရှိတဲ့ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ညပိုင်းကျရင်တော့ Water Boom နဲ့ ရေပန်းဥယျာဉ်တို့ကို ဆက်သွားပါမယ်။ ကျောင်းစာတွေနဲ့ အချိန်ကုန်နေရပေ မယ့် အခုလိုကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လည်ပတ်ခွင့်ရလို့ စိတ်အပန်းပြေစေပါတယ်။

 

ဦးတင်ထွေး (ရန်ကုန်မြို့)

 

ပိတ်ရက်တိုင်း အထင်ကရနေရာတွေကို အမြဲလည်ပတ်ဖြစ်ပါတယ်။ အခု တန်ဆောင်တိုင်ပိတ်ရက်မှာတော့ သား၊ သမီးတွေ၊ မြေးတွေနဲ့အတူ နေပြည်တော်က အထင်ကရနေရာတွေကို လာရောက်လည်ပတ်ဖြစ်တာပါ။ ပထမဆုံး ဥပ္ပါတသန္တိစေတီတော်နဲ့ ဗုဒ္ဓဂယာဘုရားတွေကို သွားရောက်ဖူးမြော်ခဲ့ပါ တယ်။ ညနေပိုင်းမှာ မြို့မဈေးဝင် ဈေးဝယ်ပြီး ရန်ကုန်ကို ပြန်မှာပါ။

 

မဇွန်ဝေဝေ (ကျောက်ပန်းတောင်းမြို့)

 

သူငယ်ချင်းတွေနဲ့ နေပြည်တော်ကို လာရောက်လည်ပတ်ခြင်း ဖြစ်ပါတယ်။ နေပြည်တော် ရောက်ရောက်ချင်း ဗုဒ္ဓဂယာဘုရားတွေကို အရင်ဖူးပါတယ်။ အခု အမျိုးသားအထိမ်းအမှတ်ဥယျာဉ်မှာ လာရောက်လည်ပတ်ပြီး ကျန်တဲ့အထင်ကရ နေရာတွေကိုသွားဖို့ စီစဉ်ထားပါတယ်။ ကျောင်းပြန်ဖွင့်ရင် စာမေးပွဲ ဖြေရမှာဖြစ်တဲ့အတွက် အခုလိုလည်ပတ်ခွင့်ရတဲ့အပေါ်မှာ စိတ်ပျော်ရွှင်မိ ပါတယ်။

ကြေးမုံ