တန်ဆောင်တိုင်ပိတ်ရက်များတွင် မိသားစုရှိရာနေရပ်သို့ ပျော်ရွှင်စွာပြန်ကြမည့်  ဝန်ထမ်းများ၏ စကားသံများ

နေပြည်တော် ၈ နိုဝင်ဘာ

တွေ့ဆုံမေးမြန်း- မျိုးသူဟိန်း ဓာတ်ပုံ- ကျော်ဇင်ထိုက်

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၄၉/၂၀၁၉)အရ နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ တန်ဆောင်တိုင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားရာ ဝန်ထမ်းများအနေဖြင့် စုစုပေါင်း တန်ဆောင်တိုင်ရုံးပိတ်ရက် လေးရက်ရရှိကြမည်ဖြစ်သည်။ အဆိုပါ တန်ဆောင်တိုင်ပိတ်ရက်များတွင် မိသားစုများရှိရာ နေရပ်သို့ ပျော်ရွှင်စွာပြန်ကြမည့် ဝန်ထမ်းများ၏စကားသံများကို ပြန်လည် ဝေမျှလိုက်ပါသည်

 

mdn

ဦးမျိုးချစ် (လက်ထောက်ညွှန်ကြားရေးမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

ကျွန်တော် တန်ဆောင်တိုင်ရုံးပိတ်ရက်လေးရက်မှာ မိသားစုတွေရှိတဲ့ ရန်ကုန်မြို့ကို ပြန်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကအိမ်မှာ မိသားစုတွေနဲ့အတူ ရုံးပိတ်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းသွားမှာဖြစ်ပါတယ်။ အစိုးရကနေ ဝန်ထမ်းတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရရှိအောင် အစားထိုးပိတ်ရက်တွေနဲ့ ဆောင်ရွက်ပေးတဲ့အတွက် ကောင်းမွန်ပါတယ်။ တရားဝင်ပိတ်ရက်တွေ ဆောင်ရွက်ပေးတဲ့အတွက် ဝန်ထမ်းတွေလည်း ပျော်ရွှင်စွာနဲ့ မိသားစုတွေရှိတဲ့ဆီကို ပြန်လို့ရတယ်။ အခက်အခဲတစ်ခုရှိတာကတော့ ဝန်ထမ်းတွေအားလုံးနီးပါး ပြန်ကြတဲ့အတွက် သွားလာရေးကတော့ အနည်းငယ်ခက်ခဲမှုတွေရှိသွားပါတယ်။ ဒါပေမယ့် ဒီအခက်အခဲကလည်း ကိုယ့်မိသားစုတွေရှိရာကို ပြန်ရမှာနဲ့ယှဉ်ရင် ကြီးမားတဲ့အခက်အခဲတော့ မဟုတ်ပါဘူး။

ဒီလိုထိုက်သင့်တဲ့ ပိတ်ရက်တွေရတဲ့အတွက် ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေအပေါ်မှာလည်း ကောင်းမွန်တဲ့ သက်ရောက်မှုတွေရရှိစေပါတယ်။ လူတိုင်းက ကိုယ်လုပ်နေတဲ့လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ကအရေးကြီးပါတယ်။ ဒီအတွက် နိုင်ငံတော်အဆင့်နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက အခုလိုစီစဉ်ဆောင်ရွက်ပေးတဲ့အခါမှာ ပျော်ရွှင်မှုရတာပေါ့။ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်တဲ့အခါမှာလည်း motivation ရစေပါတယ်။ ခုလိုပိတ်ရက်ရှည်ရပြီး မိသားစုဆီကို ပြန်ကြရတဲ့အခါ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း ပျော်ပျော်ရွှင်ရွှင်ဖြစ်ပြီး လုပ်ငန်းပိုင်းမှာ အကျိုးအများကြီးရှိမယ်လို့ထင်ပါတယ်။

 

mdn

ဦးအောင်ဌေးမြင့် ( မြို့မဈေးဂိတ်တာဝန်ခံ၊ ကုန်းလမ်းပို့ဆောင်ရေး)

တန်ဆောင်တိုင်ရုံးပိတ်ရက်မှာ မိသားစုတွေဆီပြန်ကြတဲ့ ဝန်ထမ်းတွေနဲ့ ခရီးသွားလာကြသူတွေ သွားလာရေးအဆင်ပြေစေဖို့အတွက် ပုံမှန်ပြေးဆွဲနေကျ ဝန်ထမ်းဖယ်ရီတွေအပြင် အထူးကားတစ်စီးကိုလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုရုံးပိတ်ရက်ရှည်တွေဆိုရင် ကျွန်တော်တို့ကဝန်ကြီးဌာနတွေကို ခွဲတမ်းချပြီး လက်မှတ်ရောင်းပေးပါတယ်။ ပုံမှန်ဝန်ထမ်းဖယ်ရီကား ခြောက်စီးအပြင် အထူးကားတစ်စီးနဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကို ပြန်ကြမယ့် ဝန်ထမ်းတွေအတွက် ကမ္ဘာအေးလမ်းဘက်ကို ကားလေးစီးနဲ့ ပြည်လမ်းဘက်ကို ကားသုံးစီးဆိုပြီး ခွဲထားပါတယ်။ ဘူတာကြီး၊ ဗိုလ်တထောင်အထိ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

ဝန်ထမ်းတွေ နေပြည်တော်ကို ပြန်လာတဲ့အခါမှာလည်း အဆင်ပြေစေဖို့ အသွား၊ အပြန် ကားလက်မှတ်ကို တစ်ခါတည်းရောင်းပေးထားပါတယ်။ ဘူတာကြီး၊ ဗိုလ်တထောင်ကနေ အဆင့်ဆင့်ကြိုပြီးပေးပါတယ်။ ဝန်ထမ်းတွေ သွားလာရေးအဆင်ပြေစေဖို့အတွက် ပုံမှန် စနေ၊ တနင်္ဂနွေရက်တွေမှာလည်း ဝန်ထမ်းဖယ်ရီအနေနဲ့ ကားခြောက်စီးပြေးဆွဲပေးလျက်ရှိပါတယ်။

 

mdn

ဦးကျော်ဇင်စိုး (ဒုတိယဦးစီးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန) ၊

တန်ဆောင်တိုင်ရုံးပိတ်ရက်မှာ ဇာတိမြို့ဖြစ်တဲ့ ရေဦးမြို့ကို ပြန်မှာဖြစ်ပါတယ်။ တခြားအစီအစဉ်တော့ မရှိပါဘူး။ မိဘတွေနဲ့တွေ့ရဖို့ရယ်၊ မိဘဆွေမျိုးတွေကို ကန်တော့ဖို့ရယ် ဖြစ်ပါတယ်။ ပြီးရင် ကိုယ့်ရပ်ဌာနေက ငယ်သူငယ်ချင်း တွေနဲ့တွေ့မယ်။ ဝန်ထမ်းတွေကတော့ ပိတ်ရက်ရရင် ပျော်ကြပါတယ်။ အစားထိုး ပိတ်ရက်တွေလည်းရှိတော့ ပိတ်ရက်ပိုရတဲ့အတွက် ပိုပြီးပျော်ရွှင်ရပါတယ်။ မိဘတွေရှိတဲ့ဆီကို ပြန်ရမယ်ဆိုတဲ့အသိစိတ်က တော်တော်ပျော်စရာ ကောင်းပါတယ်။ ရုံးမပိတ်ခင် နှစ်ရက်လောက်ကတည်းက ကြိုပြီးပျော်ရွှင်နေပါတယ်။

 

mdn

မအင်ကြင်းဦး (စာရင်းအင်းဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

တန်ဆောင်တိုင်ရုံးပိတ်ရက်မှာ မိဘတွေရှိတဲ့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ကို ပြန်မှာဖြစ်ပါတယ်။ မိဘတွေဆီပြန်ရောက်ရင်ဆိုတော့ ပိတ်ရက်ရတဲ့အချိန်မှာ မိဘတွေဆီသွားပြီးတော့ပဲ နေဖြစ်တယ်။ သီတင်းကျွတ်ပိတ်ရက်တုန်းက သင်တန်းတွေရှိတော့ မိဘတွေဆီမပြန်ဖြစ်ခဲ့ဘူး။ ပိတ်ရက်နည်းတဲ့အခါမှာလည်း သွားရပြန်ရတဲ့အချိန်နဲ့ မိဘတွေဆီမှာနေဖို့ အချိန်သိပ်မရဘူး။ အခုလိုပိတ်ရက်ရှည်ရတော့ မိဘတွေ၊ မောင်နှမတွေရှိတဲ့ဆီမှာ အချိန်ပိုပြီးနေခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။

 

mdn

မစန်းသူဇာဝင်း(ဒုတိယဦးစီးမှူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန)၊

ပိတ်ရက်မှာ ကျွန်မကအမေရှိတဲ့ မုံရွာကိုပြန်မှာပါ။ ကျွန်မတို့ဝန်ထမ်းတွေက ပိတ်ရက်တွေကိုအဓိကထားပြီး ပြန်ရတာဆိုတော့ အခုလိုပိတ်ရက်ရှည်မှာ အမေနဲ့အတူနေပြီးတော့ ဖြတ်သန်းရမှာဖြစ်တဲ့အတွက် ပျော်နေမိပါတယ်။ ပိတ်ရက်အတွင်းမှာ အမေနဲ့အတူ ကုသိုလ်ကောင်းမှု အလှူတွေလုပ်မယ်။ အဘိုး အဘွား၊ အမိအဖတွေကို ကန်တော့မယ်။ မုံရွာပတ်ဝန်းကျင်က အပန်းဖြေနေရာတွေကို လည်ပတ်မယ်။ ပိတ်ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားပါမယ်။

ဦးချစ်စံဝင်း(လက်ထောက်မီးသတ်ဦးစီးမှူး၊ မီးသတ်ဦးစီးဌာန)

အခုရက်ရှည်ပိတ်ရက်ကတော့ ဝန်ထမ်းတွေအတွက် ကောင်းပါတယ်။ ပြီးတော့ လေးရက်ပိတ်ရက်ကို ဝန်ထမ်းတွေက အားခဲထားကြတယ်။ မိသားစုတွေ၊ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အနားယူနိုင်တယ်။ ခရီးတွေ အတူတူထွက်နိုင်တယ်။ အခုပိတ်ရက်မှာတော့ ပြန်ဖို့မရှိပါဘူး။ နေပြည်တော်မှာ ရှိတဲ့ အပန်းဖြေနေရာတွေမှာပဲ သူငယ်ချင်းတွေနဲ့အတူ လည်ပတ်ဖို့ရှိပါတယ်။

ကြေးမုံ