တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအရ မန္တလေးတိုင်းဒေသကြီးမှ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံး ပထမရရှိ

မန္တလေး  ၉  ဩဂုတ်

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းကကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများအား ဩဂုတ်လ ၉ ရက် နံနက် ၀၀ : ၃၀ မိနစ်အချိန်တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ online မှ ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၁၂၇၅၆၀ အနက် ၄၇၈၄၉ ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံး ပထမရရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖြေဆိုသူ ၉၁၀၂၂၉ ဦး ရှိခဲ့ပြီး ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်းမှာ ၃၂ ဒသမ ၀၆ ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူ ၁၂၇၅၆၀ ဦး အနက် ၄၇၈၄၉ ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံး ပထမရရှိခဲ့ပြီး အောင်ချက် အကောင်းဆုံး ဒုတိယအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူ ၁၂၅၆၀၇ ဦးအနက် ၄၄၁၇၀ ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၁၇ ရရှိခဲ့ကြောင်း သိရသည်။

 

“၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျွန်မတို့ မန္တလေးတိုင်းက တစ်နိုင်ငံလုံးမှာ အောင်ချက် အကောင်းဆုံး ပထမအဆင့် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ ရရှိခဲ့တဲ့အတွက် ဒီနှစ်မှာတော့ အောင်ချက်အနေနဲ့ ၁ ဒသမ ၃၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲမှာ တစ်ကြိမ်ကျရှုံးတဲ့ ကျောင်းသားကျောင်းသူ တွေအနေနဲ့ အခြေခံပညာကျောင်းကို ပြန်ပြီးတက်ခွင့်ရှိပါတယ်။ တချို့က ကျောင်းပြန်မအပ်တော့ဘူး။ ဒါကမှားနေတယ်။ တစ်နှစ်အတွေ့အကြုံရှိပြီးသား ကလေးတွေအနေနဲ့ ကျောင်းပြန်တက်ရင် ကျိန်းသေအမှတ်ကောင်းကောင်းနဲ့ အောင်မှာဖြစ်ပါတယ်။  ဒါကြောင့် ကျောင်းအုပ်ကြီးတွေနဲ့  ဆရာဆရာမတွေက ဒီနှစ်ကျရှုံးတဲ့ကလေးတွေကို ကိုယ့်ကျောင်းကို ပြန်ပြီးတက်ကြဖို့ ဖိတ်ခေါ်စေချင်သလို မိဘတွေကလည်း ကျောင်းပြန်အပ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ကလေးတွေကလည်း  စိတ်ဓာတ်မကျပဲ ကျောင်းရင်ခွင်ကို အမြန်ဆုံးပြန်လာကြဖို့ သတင်းစကား ပါးချင်ပါတယ်’’ ဟု မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်က ပြောသည်။

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို အွန်လိုင်းဖြင့် ထုတ်ပြန်ကြေညာပေးမှုအပေါ် ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မန္တလေးမြို့ KMC ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ဖြိုးသူရိန်လင်းကလည်း ‘မိဘတွေနဲ့ သင်ကြားပေးတဲ့ ကျောင်းအတွက် ဂုဏ်ပြုပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ယခုလို ၆ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့အတွက် ကျွန်တော်ရဲ့ ဆန္ဒတွေ ပြည့်ဝသွားလို့ အရမ်းကို ပျော်ရွှင်နေပါတယ်။ ဒီနှစ်အောင်စာရင်းကို အွန်လိုင်းကနေ ကြည့်ရတဲ့အတွက်  စောစောသိရလို့ ဝမ်းသာရသလို အောင်စာရင်းကြေညာတဲ့ အချိန်မှာလည်း လိုင်းမတက်လို့ စောင့်နေရတဲ့ အခိုက်အတန့်မှာ စိတ်တွေ အရမ်းလှုပ်ရှားခဲ့ပါတယ်” ဟု ပြောသည်။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ ၆၉ ဦး နှင့် မန္တလေး လူငယ်သင်တန်းကျောင်းမှ တစ်ဦးတို့ ဝင်ရောက် ဖြေဆိုခဲ့ကြရာ အောင်မြင်သူ စုစုပေါင်း ၄၈ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၅၇ ရရှိကာ ၎င်းတို့အနက် ၃ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၄ ဦးရှိခဲ့ကြောင်း မန္တလေးဗဟိုအကျဉ်းထောင်တာဝန်ခံအရာရှိက ပြောကြားသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)