ရန်ကုန် မေ ၂၇

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော တိုင်းရင်းသားရေးရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ် သင်တန်းဖွင့်ပွဲကို ယမန်​နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၆)ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးနေမင်းထွန်းက အမှာစကား ပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင့်က ပုံပြပုံပြင်စာအုပ် ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအကြောင်း၊ တိုင်းရင်းသား ဘာသာသင် TA/LT ဆရာများ ခန့်ထားခြင်း ဆိုင်ရာတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီး များအခွင့်အရေး၊ လူငယ်ရေးရာ မူဝါဒများ၊ လူမှုရေးပင်စင်အကြောင်း၊ သမဝါယမဦးစီးဌာန၏ နိုင်ငံ့စီးပွား မြှင့်တင်ရေး ဆောင်ရွက်ထားမှုများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသား ဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်း မေးခွန်းလွှာ(၆၀) အား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တိုင်းရင်းသားများကလည်း ပူးပေါင်းပါဝင်ဖြေဆိုခဲ့ကြသည်။

ထို့ပြင် ခြင်းရက်လုပ်ခြင်း သင်တန်းကို သင်တန်းသား ကျောင်းသူ ၂၀ ဖြင့် ငါးရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ​

အောင်​ကျော်(ပြန်/ဆက်)