တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သုတေသနလုပ်ငန်းတွေ ပိုတိုးချဲ့ လုပ်ဆောင်သွားဖို့ရှိသလို အခုညီလာခံကနေ ဖော်ထုတ်ဖို့ကြိုးစားနေတဲ့ တိုင်းရင်းဆေးပညာရပ်တွေကိုလည်း ဖော်ထုတ်ရာမှာ တစ်တပ်တစ်အား ပါဝင်သွားဖို့ ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၃

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပလျက်ရှိပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများအား တွေ့ဆုံမေးမြန်းထားသည်များကို ဆက်လက်ဖော်ပြလိုက်ပါသည်။

 

mdn

ဦးအောင်သူလင်း စိန်ဘယက် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

စိန်ဘယက်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းက အဘိုးသမားတော်ကြီး ဆရာမြိုင်ကိုယ်တိုင် နှစ်ရှည်လများ ရောဂါဝေဒနာအပေါင်းကို ကုသခဲ့တဲ့ အစွမ်းထက်တဲ့ တိုင်းရင်းဆေးဝါးများကို သမားစဉ်ဆက် ထိန်းသိမ်းဖော်ထုတ် ဖြန့်ချိခဲ့တာနှစ်ပေါင်း ၃၀ ကျော်ပါပြီ။ လက်ရှိမှာတော့ ကျွန်တော်တို့လူငယ်တွေရဲ့ တာဝန်ကျလာပါပြီ။ တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သုတေသနလုပ်ငန်းတွေ ပိုတိုးချဲ့လုပ်ဆောင်သွားဖို့ရှိသလို အခုညီလာခံကနေ ဖော်ထုတ်ဖို့ကြိုးစားနေတဲ့ တိုင်းရင်းဆေးပညာရပ်တွေကိုလည်း ဖော်ထုတ်ရာမှာ တစ်တပ်တစ်အား ပါဝင်သွားဖို့ ရှိပါတယ်။

 

mdn

ဒေါ်မေဖြူအောင်နိုင်ဟိန်း အဘထတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

အကြိမ် (၂၀) မြောက်ကျင်းပတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲမှာ ကျွန်မတို့ ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ တိုင်းရင်းဆေးဝါးတွေကို ပြသခွင့်ရတာရော ဒီအခမ်းအနားကို တက်ရောက်ရတဲ့အတွက်ပါ ဂုဏ်ယူပါတယ်။ ဒီထက်မကလည်း ပြည်သူတွေလိုအပ်တဲ့ မြန်မာ့တိုင်းရင်းဆေးကောင်းတွေကိုလည်း ထုတ်လုပ်သွားပါမယ်။ ညီလာခံကြီးလည်း နှစ်စဉ်နှစ်တိုင်း အောင်မြင်စွာ ကျင်းပနိုင်ပါစေလို့ဆန္ဒပြုပါတယ်။

 

mdn

ဒေါ်ယဉ်ဝါနွယ် (ဇွဲရတနာဆေးတိုက်) နည်းပြ (ငြိမ်း) တိုင်းရင်းဆေးပညာဦးစီးဌာန

မြန်မာ့တိုင်းရင်းဆေးပညာရပ်မှာ ပါဝင်တဲ့ နယ်ပယ်တွေဖြစ်တဲ့ဆေးပညာ၊ သင်ကြားရေး၊ ကုသရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ပရဆေး ဥယျာဉ်နှင့် ဆေးဖက်ဝင်စိုက်ပျိုးရေး၊ ဆေးဝါးဖော်စပ်မှုနှင့် ဆေးဝါးကုန်ကြမ်းများဆိုပြီး အားလုံးအချိုးညီ တိုးတက်စေဖို့ တိုင်းရင်းဆေးလောကသားများ အားလုံး စွမ်းစွမ်းတမံ ကြိုးစားအားထုတ်မယ်ဆိုရင် တိုင်းရင်းဆေးဖြင့် ပြည်သူများကို ပိုမိုစောင့်ရှောက်မှုပေးနိုင်သလို တိုင်းရင်းဆေးလောက ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာမယ်လို့ ယုံကြည်ပါတယ်။

 

mdn

ဦးခင်မောင်ဝင်း ရွှေမန်းတောင်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

အခုညီလာခံမှာ တိုးတက်မှုတွေ အများကြီးတွေ့ရပါတယ်။ နက္ခတနယ ဆေးပညာ၊ ဝိဇ္ဇာနယ ဆေးပညာစတဲ့ဆေးပညာတွေဟာ တိမ်မြုပ်ပျောက်ကွယ် လုနီးနေပြီ။ အဲဒီဆေးပညာတွေကို ဒီညီလာခံကြီးမှာ အကောင်အထည်ဖော်ဖို့ ညွှန်ကြားရေးမှူးချုပ်ကလည်း တွန်းအားပေးတယ်။ အကောင်အထည်ဖော်ဖို့ အတွက်လည်း ဆုံးဖြတ်ချက် ချထားကြပါတယ်။ တိုင်းရင်းဆေးလောကမှာ ဒီပညာရပ်တွေက ဆန်းကြယ်ပါတယ်။ လုပ်ငန်းရှင်တွေအတွက်လည်း ကောင်းပါတယ်။

တွေ့ဆုံမေးမြန်း - သိမ့်သိမ့်မိုး

ဓာတ်ပုံ - ခင်ရတနာ