နေပြည်တော် ဇွန် ၄

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။

 

ဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဂန္ဓကုဋိတိုက်များ၊ ကျောက်စာရုံ စေတီတော်များနှင့် အခြား သာသနိက အဆောက်အအုံများကို ကြည့်ရှုလေ့လာကာ ရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန် အလှူငွေများလှူဒါန်းကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပလျက်ရှိသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပနေမှုကို တက်ရောက် ကြည့်ရှုလေ့လာကြသည့်အပြင် ဧည့်ကြိုဆိုရေးအဆောင်အတွင်းရှိ မြန်မာ့ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ် ယွန်းထည်ဆွမ်းအုပ်ကြီးနှင့် သစ်အမျိုးအစား ၉၂ မျိုး ပြသထားရှိမှုကို လေ့လာကြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အဆောက်အအုံများ၊ အစည်းအဝေးခန်းမများနှင့် လွှတ်တော်ဆိုင်ရာ အထောက်အကူပြုနေရာများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လွှတ်တော်များ၏ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်နှင့် လွှတ်တော်ရေးရာ ဗဟုသုတများကို ရှင်းလင်းပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့သည် ဇေယျာသီရိမြို့နယ် သူရဲကောင်းဗိမာန် (နေပြည်တော်) ကို သွားရောက်ပြီး နိုင်ငံတော်အတွက် သက်စွန့်ကြိုးပမ်းတာဝန် ထမ်းဆောင်ရင်း အသက်ပေးလှူ သွားခဲ့ကြသည့် သူရဲကောင်း စစ်သည်များအား အလေးပြုကာ ဗိမာန်အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။

 

ဆက်လက်၍ လှေခွင်းတောင် အပန်းဖြေစခန်းသို့ သွားရောက် လေ့လာကြကြောင်း သိရသည်။

မင်းကျော်စွာ

ဓာတ်ပုံ - အောင်မင်းထွန်း