တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပရန်စီစဉ်နေ

ရန်ကုန်   ဒီဇင်ဘာ   ၁၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ ကျင်းပရန် စီစဉ်နေကြောင်း ဒီဇင်ဘာ ၁၄ ရက် နံနက်က ကျင်းပသည့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏအဆင့်မြှင့် တင်ပြီး လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေး မှူး ဦးခွန်ဂျာအောင်က ပြောကြားသည်။

“ဒီအားကစားရုံပြီးသွားတာ အများကြီးအကျိုးရှိပါတယ်။ ဒီရုံကြီးကို နှစ်နှစ်ရည်မှန်းချက်နဲ့ ဆောက်တယ်။ ပြိုင်ပွဲတွေလည်း အကုန်နားထားရတယ်။ အခြားနိုင်ငံတကာနဲ့ ပတ်သက်တာတွေရော ပြည်တွင်းပြိုင်ပွဲတွေရော တော်တော်နားထားပါတယ်။ ဒီလိုမျိုး ပြုပြင်အဆင့်မြှင့်တင်ပြီးတဲ့အခါ ကျတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြိုင်ပွဲတွေစလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ နိုင်ငံတကာပြိုင်ပွဲကတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ကျွန်တော်တို့ မပြောနိုင်သေးဘူး။ ပထမဆုံးတော့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီး ပြိုင်ပွဲတွေစလုပ်ဖို့တော့ စီစဉ်နေပါပြီ။ ပြက္ခဒိန်ရေးဆွဲပြီး စလုပ်နေပါပြီ။ ဒီရုံအကြောင်း ပြောမယ်ဆိုရင်တော့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ လုပ်တာ၊ လုပ်ထားတာတော့ကြာပြီ။ ကြားမှာ ခဏ ရပ်သွားတာ။ နောက်ပြန်ပြီးတော့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ မှာ ပြန်စတဲ့အခါမှာ ကျွန်တော်တို့က ပြန်ပြီးတော့ လက်မှတ်တွေရေးထိုးပြီး နှစ်နှစ်စီမံကိန်းနဲ့ ဆောက်တာ။ ဒီနေ့ကတော့ ကျွန်တော်တို့ လွှဲတာပေါ့။ နောက်ဒီရုံကို ကျွန်တော်တို့ အသုံးချပြီး အားကစားကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့ တွန်းအားတစ်ရပ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါအားကစားရုံ အဆင့်မြှင့်တင်ခြင်းကို ၂၀၁၉ ခုနှစ် ဇူလိုင် ၃၁ ရက်မှစတင်ကာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ပြီးစီးခဲ့ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏အကူအညီဖြင့် ယွမ်သန်း ၂၀ အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏအား တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတို့ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ အောက်တိုဘာ ၂၅ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်၍ စတင်အသုံးပြု ခဲ့ကြောင်း သိရသည်။

 

ယင်းအားကစားရုံသည် ပရိသတ် ၁၀၈၀၀ ကျော် ဆံ့ပြီး နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ၊ ပြည်တွင်းအားကစားပြိုင်ပွဲများနှင့် အခမ်းအနားပေါင်းများစွာကို ကျင်းပဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အာကာစိုး၊ ဓာတ်ပုံ-တင်စိုး