တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ စီစဉ်

ရန်ကုန်၊  ၂၁   ဇွန်

ဂျပန်နိုင်ငံ၌ကျင်းပမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။

၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး အားကစားနည်း ၃၃ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ပြုမည်

အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်းအများစုမှာ လက်ရည်စစ်ပွဲနှင့် ခြေစစ်ပွဲအောင်မြင်သည့် အသင်း သို့မဟုတ် တစ်ဦးချင်းသာ ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း နိုင်ငံတကာအိုလံပစ်ကော်မတီအနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်စေရန် သတ်မှတ်ထားသောကြောင့် အချို့ အားကစားနည်းများတွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ပြု မည်ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သက်ဆိုင်ရာအိုလံပစ်ကော်မတီမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အားကစားနည်းများကို တင်ပြရပြီး ယင်းအားကစားနည်းများမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အားကစားနည်းများကို ပြန်လည်အတည်ပြုပေးပို့မည်ဖြစ်သည်။ မြန်မာနိုင်ငံက ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရန် လျှောက်ထားသည့် အားကစားနည်းများအနက် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာမှာ လက်ရည်စစ်ပွဲ အောင်မြင်ရန် သေချာသလောက်ရှိနေပြီး ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က သက်ဆိုင်ရာ အိုလံပစ်ကော်မတီထံ အတည်ပြုပေးပို့ရန်သာ ကျန်ရှိတော့သည်။

သက်ထားသူဇာသည် ဇွန် ၁၅ ရက်က နောက်ဆုံးထုတ်ပြန်ထားသည့် အဆင့်သတ်မှတ်ချက်တွင် အိုလံပစ်ဝင်ခွင့်၌ အဆင့် ၂၉ နေရာ ရပ်တည်နေသောကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရန် သေချာ သလောက်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားနည်း ကိုးမျိုး လျှောက်ထားပြီး ကြက်တောင်အားကစား မယ်သက်ထားသူဇာ သာ လက်ရည်စစ်ပွဲအောင်မြင်ပြီး ယှဉ်ပြိုင်ခွင့်ရပါက ကျန်အားကစားနည်း ရှစ်မျိုးအတွက်သာ အကြောင်း ပြန်မှုသာ စောင့်ကြည့်ရမည်ဖြစ်သည်။

တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ပြန်လည်ကျင်းပမည်ဖြစ်ပြီး ကပ်ရောဂါကာလအတွင်း ကျင်းပမည်ဖြစ်သောကြောင့် ရောဂါကူးစက်မှုမရှိစေရန် ကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။ မြန်မာအားကစားအဖွဲ့အနေဖြင့် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - olympic.com