တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်  မြန်မာအားကစားအဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေ

ရန်ကုန် ၂၃ ဇွန်


၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိပြီး နိုင်ငံတကာအိုလံပစ်ကော်မတီ၏ အကြောင်းပြန်မှုအပေါ်မူတည်၍ ယှဉ်ပြိုင်ခွင့်ရမည့် အားကစားနည်းများ အတည်ပြုမည်ဖြစ်သည်။

တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ပြန်လည်ကျင်းပမည်ဖြစ်ပြီး ကပ်ရောဂါကာလအတွင်းကျင်းပမည်ဖြစ်သောကြောင့် ရောဂါကူးစက်မှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားနည်း ကိုးမျိုး၌ လျှောက်ထားပြီး ကြက်တောင်အားကစားမယ် သက်ထားသူဇာသာ လက်ရည်စစ်ပွဲအောင်မြင်ပြီး ယှဉ်ပြိုင်ခွင့်ရပါက ကျန်အားကစားနည်း ရှစ်မျိုးအတွက်သာ အကြောင်းပြန်မှုသာ စောင့်ကြည့်ရမည်ဖြစ်သည်။  မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် လျှောက်ထားသည့် အားကစားနည်းများအနက် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာမှာ လက်ရည်စစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိနေပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သက်ဆိုင်ရာအိုလံပစ်ကော်မတီထံ အတည်ပြုပေးပို့ရန်သာ ကျန်ရှိတော့သည်။ 

သက်ထားသူဇာသည် ဇွန် ၁၅ ရက်က နောက်ဆုံးထုတ်ပြန်ထားသည့် အဆင့်သတ်မှတ်ချက်တွင် အိုလံပစ်ဝင်ခွင့်၌ အဆင့် ၂၉ နေရာ ရပ်တည်နေသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် သေချာသလောက်ရှိနေခြင်းဖြစ်သည်။အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်းအများစုမှာ လက်ရည်စစ်ပွဲနှင့် ခြေစစ်ပွဲအောင်မြင်သည့် အသင်း သို့မဟုတ် တစ်ဦးချင်းသာ ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း နိုင်ငံတကာအိုလံပစ်ကော်မတီအနြေဖင့် အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်စေရန် သတ်မှတ်ထားသောကြောင့် အချို့အားကစားနည်းများတွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သက်ဆိုင်ရာအိုလံပစ်ကော်မတီမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်လိုသည့်အားကစားနည်းများကို တင်ပြရပြီး ယင်းအားကစားနည်းများမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အားကစားနည်းများကို ပြန်လည်အတည်ပြု ပေးပို့မည်ဖြစ်သည်။

 မြန်မာအားကစားအဖွဲ့အနေဖြင့် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သတင်း-ရဲရင့်လွင်