တိုကျိုအိုလံပစ် ဝင်ခွင့်ရရှိသည့် ကြက်တောင်ကစားသမားများကို ဇွန်လလယ်တွင် ထုတ်ပြန်မည်

ရန်ကုန်   မေ   ၁၁

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရှိသည့် ကြက်တောင်အားကစားသမား များကို ဇွန်လလယ်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လက်ရည်စစ်ပွဲကာလကို အပြောင်းအလဲပြုလုပ်ခဲ့ရသဖြင့် ဝင်ခွင့်ရရှိသည့် ကစားသမားများကို ဇွန် ၁၅ ရက်မှသာ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

အပြောင်းအလဲပြုလုပ် ၊ အိုလံပစ်ဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလကို ယခင်က ၂၀၁၉ မှ ၂၀၂၀ နှစ်လယ်ပိုင်းအထိ သတ်မှတ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိုလံပစ်ပြိုင်ပွဲ ရွှေ့ဆိုင်းမှုနှင့် အတူ လက်ရည်စစ်ပွဲကာလကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့ရသည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပနေသည့်ပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် မတ်လဆန်းမှ ဒီဇင်ဘာလကုန်အထိ ရပ်နားခဲ့ရပြီး အိုလံပစ်ဝင်ခွင့် လက်ရည်စစ်ပွဲများကို ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်ကျင်းပလျက်ရှိသည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြိုင်ပွဲအများစုကို သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်ခြင်းမရှိဘဲ ရွှေ့ဆိုင်း နေရသလို ယခုနှစ်အတွင်း ပြိုင်ပွဲအနည်းငယ်သာ ကျင်းပနိုင်ခဲ့သည်။

မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ၂၀၁၉ ခုနှစ် ကတည်းက ကြိုးပမ်းခဲ့ပြီး နောက်ဆုံး ထုတ်ပြန်ထားသည့် အိုလံပစ်ဝင်ခွင့်အတွက် အဆင့် သတ်မှတ် ချက်တွင် ၂၉ နေရာ၌ ရပ်တည်နေသည်။ သက်ထားသူဇာသည် ကပ်ရောဂါကြောင့် ၂၀၂၀ ဖေဖော်ဝါရီလ ကုန်အထိသာ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ရပြီး ယခုနှစ်အတွင်း ပြိုင်ပွဲအချို့ ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ သက်ထားသူဇာသည် ဇွန်လဆန်းတွင် ကျင်းပမည့် စင်ကာပူအိုးပင်းပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ အိုလံပစ်ဝင်ခွင့်အတွက် လက်ရည်စစ် နောက်ဆုံးပြိုင်ပွဲကို ဇွန် ၁ ရက်မှ ၆ ရက်အထိ ကျင်းပမည့် စင်ကာပူအိုးပင်းပြိုင်ပွဲအထိ သတ်မှတ် ထားသည်။

တိုကျိုအိုလံပစ်ပြိုင်ပွဲ၏ ကြက်တောင်ပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပသည့်ပြိုင်ပွဲများတွင် ရရှိသည့် ရမှတ်များအပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်သည်။ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ပုံမှန်အရ ပြီးခဲ့သည့် နှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရပြီး ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်