တိုကျိုအိုလံပစ် ကြက်တောင်ပြိုင်ပွဲဝင်ခွင့်ရ ကစားသမားများ ဇွန် ၁၅ ရက် ထွက်ပေါ်မည်

ရန်ကုန်   မေ   ၃ဝ

ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ပြန်လည်ကျင်းပမည်ဖြစ်ပြီး ကြက်တောင်အားကစားနည်းလည်း ထည့်သွင်းကျင်းပမည်ဖြစ်ရာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရ အားကစားသမားများကို ဇွန် ၁၅ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။

တိုကျိုအိုလံသစ်ပြိုင်ပွဲ၏ကြက်တောင် ပြိုင်ပွဲတွင် တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းတွင် တစ်ကမ္ဘာလုံးကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အိုလံပစ်ပြိုင်ပွဲအပါအဝင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပလျက်ရှိသည့် ပြိုင်ပွဲများ အားလုံး  ရွှေ့ဆိုင်းခဲ့ရသည်။

ယခင်က အိုလံပစ်ပြိုင်ပွဲ လက်ရည်စစ်ပွဲကာလကို ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ် မေလဆန်းအထိ သတ်မှတ် ခဲ့သော်လည်း ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်ကာ ပြိုင်ပွဲများ ကျင်းပ နိုင်ခြင်းမရှိတော့သဖြင့် ရက်ပြောင်းလဲကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ဇွန် ၁၃ ရက်အထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် အိုလံပစ်ဝင်ခွင့်အတွက် ရမှတ်များကို ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဇွန် ၁၃ ရက်အတွင်း ထည့်သွင်းတွက်ချက်သွားမည်ဖြစ်သည်။ BWF သည် ယခုနှစ်အတွင်း ပြိုင်ပွဲ ၁၀ ခုနှင့် အထက်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ကပ်ရောဂါကြောင့် အနည်းငယ်သာ ကျင်းပနိုင်ခဲ့ပြီး ပြိုင်ပွဲ အများစုကို ရွှေ့ဆိုင်း/ ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့ရသည်။

ကြိုးပမ်းလျက်ရှိ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့် ရရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိအနေအထားအရ ဝင်ခွင့်ရရန် အခြေအနေကောင်းနေသည်။ သက်ထား သူဇာသည် မေ ၂၅ ရက်က နောက်ဆုံးထုတ်ပြန်ထားသည့် အိုလံပစ်ဝင်ခွင့်အတွက် အဆင့် သတ်မှတ် ချက်တွင် အဆင့် ၂၉ နေရာ၌ ရပ်တည်နေပြီး လက်ရှိအဆင့်အတိုင်း ရပ်တည်နိုင်ပါက  အိုလံပစ် ဝင်ခွင့်ရရန် အခြေအနေကောင်းနေသည်။ သက်ထားသူဇာသည် အိုလံပစ်ဝင်ခွင့်ကာလအတွင်း ပြိုင်ပွဲ ၁၅ ခု ယှဉ်ပြိုင်ထားကြောင်း BWF က ထုတ်ပြန်ထားပြီး ရမှတ်စုစုပေါင်း အမှတ် ၂၃၆၅၀ ရရှိထား ကြောင်း သိရသည်။

သက်ထားသူဇာသည် ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်အထိသာ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ရပြီး နောက်ပိုင်းတွင် ယှဉ်ပြိုင်ရခြင်းမရှိတော့ပေ။ ယခုနှစ်အတွင်း ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း ကပ်ရောဂါကြောင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။ သက်ထားသူဇာသည် ပြီးခဲ့သည့်နှစ် အနည်းငယ်ကတည်းက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ပြုလုပ်သည့် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများလည်း ရယူနိုင်ခဲ့သည်။

သတင်း- ရဲရင့်လွင်