တိုက်စစ်မှူး မက်ဆီဟာ ဒီစီယူနိုက်တက်အသင်းနဲ့ အင်တာမိုင်ယာမီအသင်းတို့ မတ် ၈ ရက်က   ယှဉ်ပြိုင်ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ    သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကစားသမား ဘဝ သွင်းဂိုး ၉၀၀ ပြည့်ရန် တစ်ဂိုးအလို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက ဒီစီယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၃ ခုနှစ် ဇွန်လက အင်တာမိုင်ယာမီအသင်းသို့ ရောက်ရှိလာခဲ့ပြီး လက်ရှိတွင်   အင်တာမိုင်ယာမီအသင်းနဲ့အတူ   သွင်းဂိုး   ၈၀ ရှိလာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားကို ပေးအပ်ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို ရှစ်ကြိမ်ဆွတ်ခူးထားတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ၆၇၂ ဂိုး၊ ပီအက်စ်ဂျီအသင်းနဲ့အတူ ၃၂ ဂိုး၊ ကမ္ဘာ့ဖလားကို သုံးကြိမ်ဆွတ်ခူးထားတဲ့ အာဂျင်တီးနားအသင်းနဲ့အတူ ၁၁၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူးမက်ဆီဟာ မတ် ၁၁ ရက်မှာ အင်တာမိုင်ယာမီအသင်းနဲ့ နက်ရှ်ဗီးလ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါက ကစားသမားဘဝ သွင်းဂိုး  ၉၀၀  ပြည့်မြောက်မှာလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူးမက်ဆီနဲ့ ခေတ်ပြိုင်တိုက်စစ်မှူး စီရိုနယ်လ်ဒိုကတော့  ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ပေါ်တူဂီအသင်းနဲ့ ခရိုအေးရှားအသင်းတို့ပွဲစဉ်မှာ ကစားသမားဘဝ သွင်းဂိုး ၉၀၀ ပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ စီရိုနယ်လ်ဒိုဟာ လက်ရှိမှာ ကစားသမားဘဝတစ်လျှောက် သွင်းဂိုးစုစုပေါင်း ၉၆၅ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

ငွေကြယ်