၂၈ ဇွန်
အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းသည် မန်ယူအသင်း တိုက်စစ်မှူး လူကာကူအား ယခုနွေရာသီ ဈေးကွက်ကာလအတွင်းတွင် နှစ်ရာသီ သက်တမ်းရှိ အငှားစာချုပ်ဖြင့် ခေါ်ယူကာ အငှားစာချုပ်အတွက် မန်ယူအသင်းထံသို့ ပေါင် ၉ သန်း ပေးချေသွားရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။
အင်တာမီလန်အသင်းတာဝန်ရှိသူများသည် အဆိုပါ အငှားစာချုပ်၌ တိုက်စစ်မှူး လူကာကူအား အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ပြောင်းရွှေ့ကြေး ပေါင် ၅၄ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်သည် ဆိုသည့်အချက်ကို ထည့်သွင်းချုပ်ဆိုသွားရန်လည်း စီစဉ်နေသည်ဟုဆိုသည်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူနှင့် အင်တာမီလန် အသင်းတို့သည် တစ်ပတ်လုပ်ခငွေ ပေါင် ၁၈၀ဝ၀ဝ ဖြင့် စာချုပ်ချုပ်ဆိုရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။ တိုက်စစ်မှူး လူကာကူ၏ အေးဂျင့်ဖြစ်သူ ဖီဒီရီကိုပါစတို ရီလိုကလည်း လူကာကူသည် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ရန် လိုလားနေကြောင်း အတည်ပြုပြောဆိုထားသည်။
အေးဂျင့် ပါစတိုရီလိုက “တိုက်စစ်မှူး လူကာကူက သူ့ရဲ့ အစီအစဉ်နဲ့ ရည်ရွယ် ဆုံးဖြတ်ထားမှုကို လူသိရှင်ကြား ပြောဆိုထားပြီးဖြစ်ပါတယ်။ သူ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ လူကာကူရဲ့ မျှော်လင့်ချက်က ဖြစ်တည်လာဖို့ ခက်ခဲပေမယ့် မဖြစ်နိုင်တဲ့ ကိစ္စမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ အင်တာမီလန်အသင်းကလည်း လူကာကူကို ခေါ်ယူနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစား နေတယ်’’ ဟု ပြောဆိုခဲ့သည်။
မန်ယူအသင်းတာဝန်ရှိသူများသည် တိုက်စစ်မှူး လူကာကူအား ပြန်လည်ရောင်း ချမည်ဆိုပါက ပြောင်းရွှေ့ ကြေးအဖြစ် ပေါင် ၇၅ သန်း ရရှိရန် လိုလားလျက်ရှိသည်။ မန်ယူအသင်းသည် ၂၀၁၇ ခုနှစ် နွေရာသီဈေးကွက်ကာလအတွင်းတွင် လူကာကူအား အဲဗာတန်အသင်းမှ ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇၅ သန်း ပေးချေခဲ့ရကာ ပြန်လည်ရောင်းချချိန်တွင် အလားတူငွေကြေးပမာဏကို ပြန်လည်ရရှိရန် လိုလားနေခြင်းဖြစ်သည်။
တိုက်စစ်မှူး လူကာကူက အင်တာမီလန်အသင်း နည်းပြ ကွန်တီသည် ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်ကြောင်း ချီးကျူးပြောဆိုထားပြီး ၎င်းသည် စီးရီးအေပြိုင်ပွဲ၏ ပရိသတ်တစ်ဦးဖြစ်ကြောင်းလည်း ဝန်ခံပြောဆိုထားသူဖြစ်သည်။
ထက်အောင်