တိုက်စစ်မှူး ဆာဒီယိုမာနေးအား ဘိုင်ယန်မြူးနစ်အသင်းသို့ ယူရို ၄၁ သန်းဖြင့် ရောင်းချရန် လီဗာပူးအသင်း သဘောတူညီ

ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဆာဒီယိုမာနေးအား ဂျာမန်ဘွန်ဒက်လီဂါ ချန်ပီယံဘိုင်ယန် မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို ၄၁ သန်းနဲ့ ရောင်းချဖို့ သဘောတူညီ လိုက်ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကနဦးအနေနဲ့ ဆာဒီယိုမာနေးကို ရောင်းချခြင်းကနေ ယူရို ၃၂ သန်းရရှိမှာဖြစ်ပြီး ဆာဒီယို မာနေးရဲ့ ပြိုင်ပွဲပါဝင်ကစားမှုအပေါ် မူတည်၍ ယူရိုခြောက်သန်း၊ တစ်ဦးချင်းနဲ့ အသင်းရဲ့ အောင်မြင်မှုအပေါ်မူတည်၍ ယူရိုသုံးသန်း အသီးသီး ထပ်မံလက်ခံရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ်ရှိ တိုက်စစ်မှူး ဆာဒီယိုမာနေးရဲ့ လီဗာပူးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းဟာ လာမယ့်နွေရာသီကာလမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် လီဗာပူးအသင်းက ဆာဒီယိုမာနေးကို ရောင်းချဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဆာဒီယိုမာနေးကို ခေါ်ယူဖို့ အရင်က နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုရှိခဲ့ပေမယ့် လီဗာပူးအသင်းက ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ၂၀၁၆ ခုနှစ်အတွင်းက ဆောက်သမ်တန်အသင်းကနေ လီဗာပူး အသင်းဆီကို ပြောင်းရွှေ့ကြေးပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ အဲဒီအချိန်ကစလို့ လက်ရှိအချိန်အထိ လီဗာပူးအသင်းနဲ့အတူ ပရီမီယာလိဂ် သွင်းဂိုး ၉၀ အထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မှာတော့ တစ်ရာသီအတွင်း ပြိုင်ပွဲစုံ သွင်းဂိုး ၂၃ ဂိုးအထိ ရှိထားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ တိုက်စစ်မှူး ဆာဒီယိုမာနေးကို ခေါ်ယူဖို့ စီစဉ်လာခဲ့ခြင်းဟာ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ချိတ်ဆက်ထားတဲ့ တိုက်စစ်မှူး လီဝန်ဒိုစကီးရဲ့နေရာမှာ အစားထိုးဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ငွေကြယ်