တိုက်စစ်မှူး အဂူရိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည့် ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနို

၁၁  ဇန်နဝါရီ

ပြင်သစ်ကလပ် ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုသည် နွေရာသီ အပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးမှ ဆာဂျီယိုအဂူရိုကို ခေါ်ယူလိုကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အသက် ၃၂ နှစ် အရွယ် ရှိ တိုက်စစ်မှူး အဂူရိုသည် မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ နောက်ဆုံးခြောက်လထဲသို့ ရောက်ရှိလာပြီဖြစ်သော်လည်း အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။

ထို့ကြောင့် အဂူရိုအနေဖြင့် အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အခြားသော ပြည်ပအသင်းများနှင့် လွတ်လပ်စွာ ဆွေးနွေးနိုင်ပြီဖြစ်သည်။ အဂူရိုသည် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရသူဖြစ်ပြီး ယခုနှစ်ရာသီတွင် မန်စီးတီးအသင်းအတွက် ပရီမီယာလိဂ် ငါးပွဲအပါအဝင် ပြိုင်ပွဲအရပ်ရပ် ကိုးပွဲသာ ပါဝင်ကစားခွင့်ရရှိထားသည်။

နည်းပြသစ် ပိုချက်တီနိုသည် အဂူရိုကို အသင်းမှ နေမာ၊ အမ်ဘတ်ပီ၊ အီကာဒီ၊ ဒီမာရီယာတို့နှင့် တွဲဖက်ကစားရန် ဆန္ဒရှိနေခြင်းကြောင့် အဆိုပါကစားသမားကို ခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် အဂူရို၏ တစ်ပတ်လုပ်ခလစာ ပေါင် ၂၄၀၀၀၀ ခန့်ကို ပေးချေနိုင်သည့် အသင်းများထဲမှ တစ်သင်းဖြစ်သည့်အတွက် အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူသွားနိုင်မလားစောင့်ကြည့်ရမည်ဖြစ်သည်။

မန်စီးတီးအသင်းသည် တိုက်စစ်မှူး အဂူရိုမပါဘဲ လိဂ်ဖလားဗိုလ်လုပွဲသို့ တက်ရောက်ထားနိုင်သည်။ နည်းပြ ဂွါဒီယိုလာသည် တိုက်စစ်မှူး အဂူရိုကို အသင်း၌ ဆက်လက်ထိန်းထားရန် ဆန္ဒရှိနေသော်လည်း စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရရှိသေးဘဲ စာချုပ်သက်တမ်း နောက်ဆုံးခြောက်လထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အဂူရိုသည် စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းမှ ၂၀၁၁ ခုနှစ်တွင် မန်စီးတီးသို့ ပြောင်းရွှေ့ရောက်ရှိလာပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၃၇၉ ပွဲတွင် ၂၅၆ ဂိုး သွင်းယူပေးထားသည်။ ထို့အပြင် အဂူရိုသည် သွင်းဂိုး ၂၅၆ ဂိုးဖြင့် မန်စီးတီးအတွက် သွင်းဂိုး အများဆုံးသွင်းယူပေးထားသည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။ ထို့အပြင် အဂူရိုသည် ပရီမီယာလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ပြည်ပကစားသမား တစ်ဦးဖြစ်ပြီး ဟက်ထရစ်အကြိမ်ရေ အများဆုံးရရှိထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် မန်စီးတီးအသင်းနှင့်အတူ ပရီမီယာလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးရရှိထားသူဖြစ်သည်။

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသည် အသက် ၄၈ နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုး စပါးနှင့်ဆောက်သမ်တန် နည်းပြဟောင်း ပိုချက်တီနိုကို ဇန်နဝါရီ ၇ ရက်တွင် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည်။ ပိုချက်တီနိုသည် ပီအက်စ်ဂျီ အသင်းကို စတင်တာဝန်ယူကိုင်တွယ်သည့် လီဂူးဝမ်းပွဲစဉ် (၁၈) စိန့်အက်တီယန်အသင်းနှင့် ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျထားသည်။ လီဂူးဝမ်းပွဲစဉ် (၁၉) အဖြစ် ယမန်နေ့က ဘရက်စ်အသင်းနှင့် ပွဲတွင်မူ သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။ ထို့ကြောင့် ပီအက်စ်ဂျီအသင်းသည် လီဂူးဝမ်းပွဲစဉ်(၁၉) အပြီးတွင် လိုင်လီအသင်းနှင့် ရမှတ် ၃၉ မှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားအဆင့် (၂) နေရာတွင် ရပ်တည် နေသည်။

အောင်ဇော်