ပရီမီယာလိဂ်ပွဲစဉ် (၃၁)အဖြစ်  မတ် ၂၂ ရက် နံနက်အစောပိုင်းက  Hill   Dickinson ကွင်း၌  ယှဉ်ပြိုင်ကစားခဲ့သည့် အဲဗာတန်နှင့် ချယ်ဆီးအသင်းပွဲစဉ်တွင် အဲဗာတန်အသင်းက တိုက်စစ်ကစားသမား ဘီတို၏ သွင်းဂိုးများနှင့်အတူ သုံးဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။

ယခုနှစ်ရာသီ ပုံမှန်ခြေစွမ်းပြသရန် ရုန်းကန်နေရသည့် ချယ်ဆီးအသင်းသည် ပွဲချိန် မိနစ် ၃၀ အတွင်း အဲဗာတန်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ပြိုင်ဘက်အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကို ဟန့်တားကာကွယ်ခဲ့ရပြီး သွင်းဂိုးများ ဆက်တိုက်ခွင့်ပြုပေးခဲ့ရကာ ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။ ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့်  ချယ်ဆီးအသင်းသည် ပြိုင်ပွဲစုံလေးပွဲဆက် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

အဲဗာတန်အသင်းဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်သည် ချယ်ဆီးအသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများစွာကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သောကြောင့် အသင်းနှင့်၎င်း၏ ပွဲ ၁၀၀ မြောက် ဂိုးမပေးရသည့် မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သည်။ ၎င်းသည် ယခုနှစ်ရာသီ ပရီမီယာလိဂ်တွင် ဂိုးမပေးရအောင် ၁၁ ပွဲအထိ စွမ်းဆောင်ထားနိုင်ပြီလည်းဖြစ်သည်။ အဲဗာတန်အသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သော ကြောင့် ရမှတ် ၄၆မှတ်ဖြင့် ဥရောပဝင်ခွင့်ရရှိရေး မျှော်လင့်ချက် ပိုမိုအားကောင်းလာခဲ့သည်။

ချယ်ဆီးအသင်းသည် ယခုပွဲစဉ်မတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ပီအက်စ်ဂျီအသင်းကို သုံးဂိုးပြတ်ရှုံးနိမ့်ထားသည်။ ထို့ပြင် ချယ်ဆီးအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး သုံးပွဲဆက်တွင် ပြိုင်ဘက်ကို ဂိုးသွင်းယူထားနိုင်ခြင်းမရှိဘဲ ပေးဂိုး ခုနစ်ဂိုးအထိ ခွင့်ပြုပေးထားရသည်။ 

အခြားပွဲစဉ်ရလဒ်များတွင်  ဘရိုက်တန်က  လီဗာပူးကို  နှစ်ဂိုး-တစ်ဂိုး၊ ဖူလ်ဟမ်က တစ်ယောက်လျော့ ဘန်လေကို သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ဘန်လေအသင်းသည် ဖူလ်ဟမ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့်အတွက်  ပရီမီယာလိဂ်ရှုံးပွဲ  ၁၉  ပွဲအထိရှိလာပြီး  ရမှတ်  ၂၀  ဖြင့် တန်းဆင်းဇုန် အတွင်း ဆက်လက်ရပ်တည်နေသည်။ လိဒ်စ်နှင့် ဘရန့်ဖို့ဒ်အသင်းပွဲစဉ်တွင် လိဒ်စ်က ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးမရှိသရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။                       

အောင်ဇော်