တီးတိန်မြို့နယ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် မျောက်ငိုသီးများ ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူများ အပိုဝင်ငွေလျော့ကျဖွယ်ရှိ

နေပြည်တော် ၁၂ ဒီဇင်ဘာ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် သစ်လိမ်သီးခေါ်(မျောက်ငိုသီး)များ ပေါ်ချိန်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ဝယ်ယူသူနည်း၍  ယခင်နှစ်များလောက် ဈေးမရသဖြင့် မျောက်ငိုသီး စိုက်ပျိုးသည့် တောင်သူများ အပိုဝင်ငွေလျော့ကျဖွယ်ရှိကြောင်း မျောက်ငိုပင် စိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။

မျောက်ငိုသီးက အခုဆိုရင် ပေါ်ပါပြီ၊ ယခင်နှစ်တွေ အခုချိန်မှာ အပင်အလိုက် ဝယ်သူ၊ အသီးအလိုက်ဝယ်သူနှင့် ကြိုဝယ်စနစ်ဖြင့် ဝယ်ယူသူတွေရှိပါတယ်၊ ဒီနှစ်မှာတော့ လိုက်ဝယ်တဲ့သူ တစ်ယောက်နှစ်ယောက်လောက်ပဲ လာတယ်၊ သူတို့ဝယ်တဲ့ ဈေးကလည်း အရင်နှစ်ထက် နှစ်ဆကျော်ကွာတယ်ဆိုတော့ အပိုဝင်ငွေလျော့ကျ နိုင်ဖွယ်ရှိပါတယ်ဟု မျောက်ငိုပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူတစ်ဦးက ပြောပါ တယ်။

မျောက်ငိုပင်က နှစ်ရှည်ခံတဲ့အပင်ဖြစ်လို့ တောင်ပေါ်ဒေသတွေမှာ အများဆုံး တွေ့နိုင်ပါတယ်၊ မျောက်ငိုပင်က အပင်မြင့်တဲ့အတွက် အသီးခြွေဖို့ ခက်ခဲပါတယ်၊ စိုက်ပြီးလေးနှစ်ကြာမှ  အသီးသီးပါတယ်၊ မိုးတွင်းမှာ အဖူးတွေ ထွက်လာကြပါတယ်၊ ဒီအဖူးတွေ ပွင့်လာပြီး အပြင်ဘက်က အမွှေးတွေ ကြွေပြီဆိုရင် အသီးတွေ ထွက်လာပါတယ်၊ နုတဲ့အသီးကို အခွံခြစ်ပြီး စားကြသလို ရင့်တဲ့အသီးကိုတော့ အစေ့ကိုပဲ စားကြပါတယ်၊ မျောက်ငိုသီးဟာ ရင့်လာရင် အရောင် နက်လာပြီး အစေ့လည်း အနက်ရောင်ဖြစ်ပါတယ်၊ အစေ့လည်း တန်ဖိုးရှိလို့ ရောင်းချရပါတယ်။

ယခင်နှစ်က မျောက်ငိုသီးပေါက်ဈေးမှာ  အသီးတစ်တောင့်လျှင် ကျပ် ၁၅၀ ဈေး ရှိသော်လည်း ယခုနှစ်တွင် အသီးတစ်တောင့်လျှင် ကျပ် ၄၀ ပေါက်ဈေးသာ ရှိကြောင်း သိရသည်။

လျန်ပီး(သတင်းစဉ်)