မန္တလေး ၁၄ ဧပြီ
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက် လျက်ရှိသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား အလှူငွေနှင့် Mask များ ပေးအပ်ခြင်းကို ယနေ့ ညနေ ၃ နာရီက အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား အလှူငွေနှင့် နှာခေါင်းစည်း(Mask)များ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အလှူငွေနှင့် Mask များကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပေးအပ်ရာ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ အလှူငွေနှင့် Mask များကို ဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် Mask ၃၀၀ ခု၊ မြို့နယ်ရဲတပ်ဖွဲ့အတွက် Mask ၂၀၀ ခုနှင့် မြို့နယ်မီးသတ်ဦးစီးဌာနအတွက် Mask ၂၀၀ ခု၊ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းတို့အား ငွေကျပ် ၅၀၀၀၀ စီနှင့် Mask ၁၀၀ စီတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


