တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ်သစ် လာမည့်လအတွင်း ထွက်ရှိမည်

 

ကျော်ကြားတဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဟာ လတ်တလောမှာ တေးအယ်လ်ဘမ်သစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး သူ့ရဲ့ တေးအယ်လ်ဘမ်သစ်ကို လာမယ့်အောက်တိုဘာလအတွင်း စတင် ထုတ်လွှင့်ပေးမှာဖြစ်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဟာ တေးအယ်လ်ဘမ်သစ် ထုတ်လွှင့်ခဲ့ခြင်းမရှိတာ အတော်ကြာခဲ့ပြီဖြစ်ပြီး မကြာမီမှာတော့ သူ့ရဲ့တေးသီချင်းသစ်တွေကို ပရိသတ်ရှေ့အရောက်ပို့ဆောင် ဖို့ရာ စီစဉ်ထားပါတယ်။ လတ်တလောမှာ တေလာဆွစ်က  ပရိသတ်တွေနဲ့ အွန်လိုင်းမှာ ဂိမ်းကစားကာ သူရေးသားထားတဲ့ တေးသီချင်းသစ်တစ်ပုဒ်ရဲ့အမည်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တေလာဆွစ်ရဲ့ ပြောကြားချက်အရ အဆိုပါ တေးသီချင်း အမည်မှာ ဆဲဆိုတဲ့ စကားလုံး ပါဝင်နေတယ်လို့လည်း သိရပါတယ်။ ဒါဟာ တေလာဆွစ် ရေးသားထားတဲ့ တေးသီချင်းတွေအနက် ဒီလိုစကားလုံးမျိုး ပါဝင်တာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

 

တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ်သစ်ကို Midnights လို့ အမည်ပေးထားပြီး အဆိုပါ တေးအယ်လ်ဘမ်ဟာ သူကြုံတွေ့ ခဲ့ရတဲ့ အိပ်ပျက်ည ၁၃ ညအကြောင်းကို ထည့်သွင်းပုံဖော်ထားတာဖြစ်ကြောင်း တေလာဆွစ် ယခင်က  ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ အဆိုပါတေးအယ်လ်ဘမ်မှာ တေးသီချင်း ၁၃ ပုဒ် ပါဝင်နေပြီး အဆိုပါ တေးသီချင်းအမည်တွေ ထုတ်ဖော်ပြောကြားဖို့ရာ သူ့ရဲ့ဗီဒီယိုတွေကိုလည်း ဆက်လက်ထုတ်လွှင့်ဖို့ရာ ရှိနေကြောင်းလည်း သိရပါတယ်။    

 

အေးပြည့်