တောင်ယာစပါး မျိုးကောင်းများ ဖော်ထုတ်ရေးနှင့် မျိုးသစ်များ ထုတ်လုပ်ပေးနိုင်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၂၁

 

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းများကို တိကျစွာလိုက်နာပြီး လိုက်လျောညီထွေ မှုရှိသည့် လူနေမှုပုံစံသစ်ဖြင့် သင်ကြားသင်ယူခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း  ယနေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျင်းပလျက်ရှိ သည့် ဘွဲ့လွန်နှင့် ပါရဂူဘွဲ့သင်တန်းသား သင်တန်းသူများ၏ ဒုတိယနှစ်ဝက် ရေးဖြေစာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများအား ပြောကြား သည်။

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျင်းပလျက်ရှိသည့် ဘွဲ့လွန်နှင့် ပါရဂူဘွဲ့ ဒုတိယနှစ်ဝက် ရေးဖြေ စာမေးပွဲတွင် သင်တန်းသူသင်တန်းသား ၁၀၀ ခန့် ဖြေဆိုလျက်ရှိပြီး ဆရာ ဆရာမများနှင့် စာမေးပွဲ ဖြေဆိုလျက်ရှိသည့် သင်တန်းသူ သင်တန်းသားအတွက် ကြက်ဥနှင့် စားသောက်ဖွယ်ရာများကို  ဒုတိယ ဝန်ကြီးက ပေးအပ်ရာ သက်ဆိုင်ရာ ဆရာ ဆရာမများနှင့် သင်တန်းသူ သင်တန်းသားများက လက်ခံရယူခဲ့ ကြသည်။

           

ထို့နောက် ဒုတိယဝန်ကြီးသည် သုတေသနခန်းများ၊ ဓာတ်ခွဲခန်းများနှင့် တက္ကသိုလ်စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး E-Library အသုံးပြု နိုင်ရေးနှင့် အရည်အသွေးမြင့် WiFi အခမဲ့အသုံးပြုနိုင်ရေး၊ လေ့လာသင်ယူနိုင်မှု အခွင့်အရေးချဲ့ထွင်ပေးရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် သုတေသနပညာရှင်များနှင့် တွေ့ဆုံ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် နိုင်မည့် တောင်ယာစပါးမျိုးကောင်းများ ဖော်ထုတ်ရေးနှင့် မျိုးသစ်များ ထုတ်လုပ် ပေးနိုင်ရေးဆိုင်ရာများကိုလည်းကောင်း၊ ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီမည့် ဈေးကွက်ဝင် သီးနှံအမယ်သစ်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော သုတေသနလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)