တောင်သူလယ်သမားတွေအတွက် အသေးစားလယ်ယာ စီးပွားလုပ်ငန်း ပံ့ပိုးပေးခြင်းလုပ်ငန်း အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။

ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်း

 

ထက်လျှံ

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် စိုက်ပျိုးမွေးမြူရေးအပါအဝင် ကုန်ထုတ်လုပ်ငန်းများ ရပ်တန့်ခဲ့ရသည်။ ထို့အတူ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တောင်သူများသည် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ၏ ဆိုးကျိုးသက်ရောက်မှုများကို ဖြေလျှော့ပြီး အားလုံးတစ်ပေါင်းတည်း ကျော်လွှားနိုင်ရန် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ရေးဆွဲခဲ့သည်။

 

ယင်းစီမံချက်တွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်အောင်၊ ကျေးလက်နေ ပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူလယ်သမားများ အတွက် အသေးစားလယ်ယာစီးပွားလုပ်ငန်း ပံ့ပိုးပေးခြင်းလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်အဖွဲ့ အတွင်းရေးမှူး ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။

 

mdn

 

မေး။ ။ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်မှာ ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက် သွားမယ့် အစီအစဉ်တွေကို သိပါရစေခင်ဗျာ။

 

ဖြေ။ ။ ကိုဗစ်-၁၉ ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကိုဖြေလျှော့နိုင်ဖို့၊ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက် မှုသက်သာရေးစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၈ ရက် ရက်စွဲပါစာနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနကို ပေးပို့လာပါတယ်။ ။

 

ဒီစီမံချက်ရဲ့ ပန်းတိုင် (၂) အောက်ရှိ ၂.၁.၇ တောင်သူ လယ်သမားတွေကို အသေးစား လယ်ယာစီးပွားလုပ်ငန်း ပံ့ပိုးပေးခြင်း လုပ်ငန်းအစီအစဉ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

ဝန်ကြီးဌာနအနေနဲ့ အကောင်အထည်ဖော်ရမယ့် စီမံချက်ရဲ့ ပန်းတိုင် (၂) အောက်မှာရှိတဲ့ ၂.၁.၇ ပါ (က)၊ (ခ)၊ (ဂ)၊ (ဃ) လုပ်ငန်းအစီအစဉ်နဲ့ စပ်လျဉ်းပြီး လုပ်ငန်းစီမံကိန်းတွေ ရေးဆွဲရာမှာ ရန်ပုံငွေ လိုအပ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့ လုပ်ငန်းတွေကို ပြန်လည်စိစစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဦးစီးဌာန ခုနစ်ခု က အကောင်အထည်ဖော် ဆောင်ရွက်မယ်၊ စီမံကိန်းလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ငွေကျပ် ၁၃၂၄၆၁ ဒသမ ၅၆ သန်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်မှာ ပြန်လည်ပေးပို့ခဲ့ပါတယ်။

 

အဲဒီလို ပြန်လည်ပေးပို့ခဲ့တဲ့အပေါ် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်မှာ ကျင်းပတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရဲ့ ညှိနှိုင်းအစည်းအဝေးမှာ ၂.၁.၇ (ခ)၊ (ဃ)ပါ လုပ်ငန်းစီမံချက်တွေနဲ့ ကိုက်ညီတဲ့ ရန်ပုံငွေ ကျပ်သန်း ၉၂၆၁၁ ဒသမ ၉၇၀ ကို ခွင့်ပြုခဲ့ပါတယ်။ ။

 

မေး။ ။ ဒီခွင့်ပြုရန်ပုံငွေတွေနဲ့ တောင်သူတွေကို ဘယ်လို ပံ့ပိုးကူညီသွားမယ်ဆိုတာကို ရှင်းပြပေးပါဦး ခင်ဗျာ။

 

ဖြေ။ ။ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ရဲ့ ပန်းတိုင်(၂)အောက်ရှိ ၂.၁.၇(ခ) အရ တောင်သူလယ်သမားတွေကို ရောင်းအားကျဆင်းပြီး ဝင်ငွေမရှိတဲ့ (သို့မဟုတ်) ပုံမှန်ပြည်ပငွေလွှဲတွေ မရရှိတော့တဲ့ အသေးစား တောင်သူလယ်သမားတွေအနေနဲ့ မိုးရာသီ စိုက်ပျိုးချိန်အမီ လိုအပ်တဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

 

ဒီလိုထောက်ပံ့တဲ့နေရာမှာ စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ စပါးမျိုးစေ့ထုတ်လုပ်ငန်း ဧကတစ်သိန်း စီမံကိန်းကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုမှာရှိတဲ့ မျိုးစေ့ထုတ်တောင်သူ အသင်းအဖွဲ့တွေ၊ မျိုးစေ့ထုတ်ကုမ္ပဏီတွေနဲ့ စိုက်ပျိုးထုတ်လုပ် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာ အဓိကလိုအပ်ချက် သွင်းအားစုဖြစ်တဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့တွေကို တောင်သူတွေ လိုအပ်တဲ့ပမာဏ၊ လိုအပ်တဲ့အချိန်မှာ အလွယ်တကူရရှိအသုံးပြုနိုင်ပြီး စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြင့်မားလာတဲ့အတွက် တောင်သူတွေရဲ့ ဝင်ငွေနဲ့ လူနေမှုဘဝ တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် လယ်ယာကဏ္ဍအပေါ် အကျိုး သက်ရောက်လာမှုတွေကို တုံ့ပြန်ကျော်လွှားသွားနိုင်မှာဖြစ်တဲ့ ဒီစီမံကိန်းကို ရန်ပုံငွေကျပ်သန်း ၁၄၉၁၁ ဒသမ ၃၃၀ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

 

သန်း ၄၂၀၀၀ သုံးစွဲ

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေ နဲ့ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို အိမ်ခြေ ၁၀၁ အိမ်နဲ့ အထက်ရှိတဲ့ ကျေးရွာတွေကို ကျေးရွာတစ်ရွာကို ငွေကျပ် သိန်း ၃၀၀ နှုန်းနဲ့ ကျေးရွာ ၁၂၀၀၊ အိမ်ခြေ ၅၁ အိမ်နဲ့ ၁၀၀ အကြားရှိတဲ့ ကျေးရွာတွေကို ကျေးရွာတစ်ရွာကို ငွေကျပ် သိန်း ၂၀၀ နှုန်းနဲ့ ကျေးရွာ ၅၅၀ ၊ အိမ်ခြေ ၅၀ နဲ့ အောက်ရှိတဲ့ ကျေးရွာတွေကို ကျေးရွာတစ်ရွာကို ငွေကျပ် သိန်း ၁၀၀ နှုန်းနဲ့ ကျေးရွာ ၂၅၀ စုစုပေါင်းကျေးရွာ ၂၀၀၀ ရှိ လုပ်ကွက် ငယ်တောင်သူတွေ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူတွေ၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်လိုတဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ ထုတ်လုပ်မှုတွေကို အစုအဖွဲ့ နဲ့ ဆောင်ရွက်လိုတဲ့ အိမ်ထောင်စုတွေ၊ ကုန်ထုတ်လုပ်ငန်း၊ အသေးစား ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ အိမ်ထောင်စုတွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်သွားတဲ့ အိမ်ထောင်စုတွေအတွက် ရန်ပုံငွေကျပ် သန်း ၄၂၀၀၀ သုံးစွဲသွားမှာဖြစ်ပါတယ်။ ။

 

ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ကိုဗစ်-၁၉ ကာလ ငါးစားသုံးမှု မြင့်မားလာစေဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေဖြစ်တဲ့ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ဆောင်ရွက်ဖို့ မျိုးငါးနဲ့ သားပေါက်တွေ ဖြန့်ဖြူးပေးခြင်းစီမံကိန်းအနေနဲ့ ငါးမွေးကန်ဧက ၁၅၀၀၀၀ မှာ တစ်ဧကကို ငါးသားပေါက် ၂၀၀၀ နှုန်း၊ တစ်ဧက ငွေကျပ် ၄၀၀၀၀ နှုန်းနဲ့ ရန်ပုံငွေကျပ် သန်း ၆၀၀၀ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

 

စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ ၂၀၂၀ ပြည့်နှစ် မကုန်မီ မိုးသီးနှံနဲ့ ဆောင်းသီးနှံတွေ အချိန်မီစိုက်ပျိုးနိုင်ဖို့ မြေယာပြုပြင်ခြင်းလုပ်ငန်း စီမံကိန်းအနေနဲ့ ကိုဗစ်-၁၉ ကာလအတွင်း တောင်သူတွေ အခက်အခဲမကြုံစေရေးနဲ့ အထောက်အကူဖြစ်စေရေးအတွက် လယ်ယာသုံး စက်ကိရိယာဖြည့်ဆည်းပေးဖို့တင်ပြလာတဲ့ တောင်သူတွေကို ကူညီဆောင်ရွက်ပေးနိုင်ရန် စက်ဖြင့်ထွန်ယက်ခြင်း၊ ပုဂ္ဂလိက ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ပေါ်ထွန်းလာပြီး ဒေသအလိုက် လယ်ယာကုန်ထုတ်လုပ်ငန်း ထိခိုက်မှုမရှိစေရေး အထောက်အကူပြုနိုင်စေရန် ရန်ပုံငွေကျပ်သန်း ၁၂၅၆ ဒသမ ၈၅၀ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ။

 

မေး။ ။ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်၏ ပန်းတိုင်(၂)အောက်ရှိ ၂.၁.၇ (ဃ) အရ ဆောင်ရွက်မည့်အစီအစဉ်တွေကိုလည်း ရှင်းပြပေးပါဦးခင်ဗျာ။

 

ဖြေ။ ။ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်ရဲ့ ပန်းတိုင်(၂)အောက်ရှိ ၂.၁.၇ (ဃ) အရ ကိုဗစ်-၁၉ အလွန်ကာလတွင် ပြန်လည်ထူထောင်နိုင် ရေးအတွက် ကျေးလက်ဒေသအတွင်း Cash for Work အစီအစဉ်နဲ့ ဝင်ငွေရရှိမယ့် အလုပ်အကိုင်တွေ ဖန်တီးပေး သွားမှာ ဖြစ်ပါတယ်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ကုန်ထုတ်လမ်းနဲ့ ကျေးရွာအခြေခံ အဆောက်အအုံ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ စီမံကိန်းအနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျေးရွာ ၂၄၈၈ ရွာမှာ အလုပ်လက်မဲ့၊ ကျပန်းအလုပ် သမားတွေနဲ့ ထိခိုက်လွယ်အုပ်စုတွေဖြစ်တဲ့ ကျေးရွာ၊ ကူးစက်ရောဂါဆိုးရွားစွာ (သို့မဟုတ်) အတော်အသင့် သက်ရောက်မှုရှိတဲ့ ကျေးရွာ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနဲ့ နယ်မြေလုံခြုံ တည်ငြိမ်အေးချမ်းမှုရှိတဲ့ ကျေးရွာ၊ ကျေးရွာသူ/ကျေးရွာသား စိတ်အားထက်သန်မှု စည်းလုံးညီညွတ်မှု၊ တက်ကြွစွာ ဆောင်ရွက်လိုတဲ့ ကျေးရွာ၊ Multi-dimensional Index များတဲ့ကျေးရွာ၊ ပြည်ပကို သွားရောက်လုပ်ကိုင်တဲ့လုပ်သားတွေ အများဆုံးပြန်လည် ရောက်ရှိနေတဲ့ ကျေးရွာတွေမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနဲ့ အလုပ်သမားအင်အားအသုံးပြုရတဲ့ (Labour Intensive) လုပ်ငန်းတွေကို ရွေးချယ်ပြီး Cash for Works စီမံကိန်းအတွက် ရန်ပုံငွေကျပ်သန်း ၂၅၀၀၀ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ ကန့်သတ်ချက်တွေ ဖြေလျှော့ပြီးနောက် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်း လုပ်ငန်း စီမံကိန်းအတွက် မြို့နယ် ၁၀၀ မှာ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုအများဆုံး ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေ က မွေးမြူရေးလုပ်ငန်းကို စိတ်ပါဝင်စားသူနဲ့ မွေးမြူရေးလုပ်ငန်း အတွေ့အကြုံရှိသူတွေကို တစ်မြို့နယ်ကို မွေးမြူသူသင်တန်းသား ၁၀၀ ရွေးချယ်ပြီး ကျေးရွာအဆင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းတွေ  ပြန်လည်ထူထောင် လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးတာ (သို့မဟုတ်) အလုပ် လုပ်ကိုင်နိုင်ဖို့ မွေးမြူရေးစနစ်တွေ ပို့ချခြင်းဖြင့် မွေးမြူရေးလုပ်ငန်း အသက်မွေးဝမ်းကျောင်း ပညာတွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် သင်တန်းပို့ချပေးမယ့် စီမံကိန်းအတွက် ရန်ပုံငွေကျပ် သန်း ၁၄၄၀ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

 

အကြိမ် ၃၀ ပို့ချ

 

ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးဖမ်းလုပ်ငန်း ဆောင်ရွက်လျက်ရှိတဲ့ ရေလုပ်သားတွေကို ပင်လယ်ပြင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ လုံခြုံရေးအတွက် သင်တန်းပေးဖို့ ပင်လယ်ငါးဖမ်း လုပ်ငန်းဆောင်ရွက်တဲ့ ကမ်းရိုးတန်း ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ သင်တန်းအကြိမ် ၃၀ ပို့ချဖို့ ရန်ပုံငွေကျပ် သန်း ၆၀ ဒသမ ၇၇၀ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေနဲ့ လက်တံမြောင်း၊ လက်ခွဲမြောင်းနှင့် လယ်ကြား ရေနုတ်မြောင်းငယ်တွေ ပြုပြင်တဲ့လုပ်ငန်း စီမံကိန်းအတွက် နှစ်စဉ် ရေကြီးမှုဒဏ် ခံစားနေရတဲ့ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီ တိုင်းဒေသကြီးတွေမှာ ရေဘေးကာကွယ်ရေးတာနဲ့ ရေငန်တားတာတွေ ကြံ့ခိုင်မှုရှိစေဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ဒေသခံလုပ်သား အင်အားစုတွေ ဝင်ငွေရရှိစေဖို့ လူအင်အား အဓိကထားအသုံးပြုပြီး ဆောင်ရွက်မယ့် စီမံကိန်းအတွက်ရန်ပုံငွေကျပ်သန်း ၁၁၃၈ ဒသမ ၈၁၀ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ။

 

စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ မြေယာပြုပြင်တဲ့ လုပ်ငန်းအတွက် စက်မှုလယ်ယာဦးစီးဌာနပိုင် ထွန်စက်တွေ အသုံးပြုပြီး တောင်သူကကုန်ကျမယ့် စက်သုံးဆီတွေကျခံစေပြီး လယ်ယာဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်တာ၊ မျိုးစပါးတွေ အခမဲ့ထုတ်ပေးပြီး ဒေသခံတွေက ပျိုးထောင်တဲ့ လုပ်ငန်းတွေ၊ ကြားပေါင်းလိုက်တဲ့လုပ်ငန်း၊ ရိတ်သိမ်းခြွေလှေ့တဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်စေပြီး လုပ်အားခတွေ ရရှိအောင် ရန်ပုံငွေကျပ် ၂၀၄ သန်း သုံးစွဲ သွားမှာ ဖြစ်ပါတယ်။

 

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာစေဖို့နဲ့ အိမ်တွင်းတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုနဲ့ အသေးစား စီးပွားရေးလုပ်ငန်းသစ်တွေ ပေါ်ထွန်းလာစေဖို့အတွက် ဒေသအလိုက် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်၊ အဝတ်အထည်၊ ရက်ကန်းလုပ်ငန်းနဲ့ သစ်၊ ဝါး၊ လက်မှုထည်၊ အသုံးအဆောင်အစရှိတဲ့ အသေးစားတန်ဖိုး မြှင့်လုပ်ငန်း (Value Added Product) ဆောင်ရွက်မယ့်သူ ၉၀၀၀ ကို လေ့ကျင့်သင်ကြားတာနဲ့ ကုန်ထုတ်လုပ်မှုကို တစ်ပါတည်း ဆောင်ရွက်ရတဲ့ On Job Training သင်တန်း သားတွေအဖြစ် ပညာသင်ယူရင်း၊ အလုပ်သင် အလုပ်သမားတွေအဖြစ် ပါဝင်ဆောင်ရွက်ရာမှာ ထိုက်သင့်တဲ့ နေ့တွက်လုပ်အားခ ရရှိခံစားစေနိုင်မယ့် စီမံကိန်းအတွက် ရန်ပုံငွေကျပ် သန်း ၆၀၀ ဒသမ၂၁၀ သုံးစွဲဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။

 

မေး။ ။ အခုလိုလုပ်ငန်းတွေ ဖော်ဆောင်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာကို ရှင်းပြပေးပါဦး။

 

ဖြေ။ ။ အကျိုးကျေးဇူးတွေအနေနဲ့ အခုလို ကိုဗစ်ကာလ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်ဟာ အဓိကပင်မတာဝန်ဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ အာဟာရဖူလုံရေးအတွက် အထောက်အပံ့ကောင်းတွေ ရရှိစေမှာဖြစ်ပါတယ်။ ကျေးလက်နေပြည်သူတွေ လူမှု စီးပွားဘဝတိုးတက်အောင် ဘက်ပေါင်းစုံပါဝင်တဲ့ စီမံချက်ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် ၉၂ ဒသမ ၆၁၁ ဘီလီယံ သုံးစွဲသွားမှာဖြစ်လို့ နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ ကျေးလက်နေပြည်သူတွေကို သုံးလအတွင်း အလျင်အမြန် ရောက်ရှိခံစားရစေမှာ ဖြစ်ပါတယ်။ ကာလတိုပေမယ့်လည်း ရေရှည်စဉ်ဆက်မပြတ် အကျိုးရှိမယ့် စီမံကိန်းလုပ်ငန်းတွေ ဖြစ်ပါတယ်။

 

စီးပွားရေးထိခိုက်မှုထိန်းနိုင်

 

ရပ်ရွာအခြေပြုလုပ်ငန်းတွေ ပါဝင်တဲ့အတွက် စုပေါင်းလုပ်ဆောင်ခြင်း၊ ပြည်သူအားလုံး လက်တွေ့ ပူးပေါင်းပါဝင် အကောင်အထည်ဖော်ရတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် ပြည်သူအားလုံး စနစ်တကျ စည်းလုံး ညီညွတ်စွာ ဖော်ဆောင်နိုင်ခြင်း၊ ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေရရှိခြင်း၊ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးတက်ခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အရှိန်အဟုန်မပြတ် ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ဒေသတွင်း စီးပွားရေးထိခိုက်နိုင်မှုကို ထိန်းသွားနိုင်ပြီး ဦးမော့လာ နိုင်စေမှာ ဖြစ်ပါတယ်။

 

ကပ်ရောဂါရဲ့ စိန်ခေါ်မှုအပေါ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနဲ့ လယ်ယာကဏ္ဍအနေနဲ့ ဆောင်ရွက်သွားမယ့်ပုံစံကို တောင်သူလယ်သမားတွေ သိရှိသွားနိုင်ပြီး ကောင်းမွန်တဲ့ စိုက်ပျိုးမွေးမြူရေး အလေ့အကျင့်ကောင်းတွေ ရရှိဆောင်ရွက်နိုင်တာတွေကို ခံစားသွားနိုင်မှာ ဖြစ်ပါတယ်။

 

မေး။ ။ ထပ်မံဖြည့်စွက် ပြောကြားလိုတာများရှိရင်လည်း ပြောပြပေးပါဦး ခင်ဗျာ။

 

ဖြေ။ ။ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု လျှော့ချရေး CERP ပါလုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ ရန်ပုံငွေအရင်းအမြစ်ကို နိုင်ငံတော်ဘဏ္ဍာငွေမှ ရယူသုံးစွဲသလို ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းတွေကလည်း ရယူဆောင်ရွက်ထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေ အစီအစဉ်နဲ့ ကိုဗစ်ကာလအလွန်မှာ လယ်ယာကုန်ထုတ်လုပ်မှုတွေ တိုးတက်ရေး၊ CERP ၂.၁.၇ (ဂ) ပါ ဈေးကွက် ချိတ်ဆက်ရေး၊ ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ရေး၊ အရည်အသွေးစစ်ဆေးတဲ့ ဓာတ်ခွဲခန်းတွေ အဆင့်မြှင့်တင်ရေးတို့ကို ဆောင်ရွက်သွားပါမယ်။ အီးယူ အထောက်အပံ့ ယူရိုသန်း ၇၀ နဲ့ အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူညီချက်ကို မကြာမီ လက်မှတ်ရေးထိုး အကောင်အထည် ဖော်သွားဖို့ရှိပါတယ်။ အဲဒီစီမံကိန်း မှ ကိုဗစ် ၁၉ ကြောင့် ထိခိုက်မှုများလျှော့ချရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက်ပါ ရန်ပုံငွေသုံးစွဲနိုင်ဖို့ ညှိနှိုင်းထားပြီးဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။