အမရပူရ၊  ၂၇  ဒီဇင်ဘာ

 

မန္တလေးမြို့ အမရပူရမြို့နယ်တွင်  ဆည်တော်ကြီးဆည်ရေမှ ပေးလွှတ်သော ရေဖြင့် လျာထားစိုက်ပျိုးထားသော မိုးစပါး ဧက ၁၁၆၅၀ ကို စက်စွမ်းအား လူစွမ်းအားဖြင့် ရိတ်သိမ်းကြရာ ယခုနှစ်  ကောက်လှိုင်းထုံး ဈေးကောင်းသည့်အတွက် တောင်သူအချို့မှာ လူဖြင့်စပါးရိတ်ကာ ကောက်လှိုင်းရိုက်သည့် စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် ကောက်လှိုင်းထုံးများကို နွားမွေးမြူသူများက အားထားဝယ်ယူ သိုလှောင်လျက် ရှိသည့်အတွက်  ကောက်လှိုင်း တစ်လှိုင်းလျင်ငွေကျပ် (၁၀၀) ဖြင့် ရောင်းချရသည်။ တောင်သူများမှာ ကောက်လှိုင်းထုံး ဈေးကောင်းသည့်အတွက်  စပါးခြွေရာတွင် ကောက်လှိုင်းရိုက်သည့်စနစ်ကို ကျင့်သုံးရာ ကောက်လှိုင်းတစ်လှိုင်းရိုက်ခ ငွေကျပ် ၃၀ ပေးရပြီး ကောက်လှိုင်းရိုက်သူ တစ်ဦးလျင် တစ်နေ့ ငွေကျပ် တစ်သောင်းနှစ်ထောင်အထိ ရရှိသည်။             

 

အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှု စာရင်းအရ  ၅၁၂၆၈ ဧကရှိပြီး  ယခုနှစ်မိုးစပါး စိုက်ပျိုးမှုတွင် အမရပူရမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်များ တောင်သူလက်ဝယ်ရောက်ရှိရေး GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက် ကူညီပေးခဲ့သည်။         

 

တိမ်တမန်

 

mdn