တောင်ငူ၊ ၁ ဇန်နဝါရီ
တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်ရာ၌ ပါဝင်သွားသည့် အုတ်တွင်းမြို့နယ်ရှိ တောင်သူများအား မြေယာလျော်ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို တောင်ငူမြို့နယ် ခပေါင်းခန်းမတွင် ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက် ပေးအပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးဝင်းသိန်းက တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်ခြင်းအားဖြင့် မြို့ရှောင်လမ်းတစ်လျှောက် ပြည်သူများအနေဖြင့် လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မြို့ရှောင်လမ်းဖောက်လုပ်နေမှုနှင့်ပတ်သတ်၍ ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများ လယ်ယာမြေစွန့်လွှတ်ပေးသော တောင်သူများကို အထူးကျေးဇူးတင်ကြောင်း တောင်ငူမြို့နယ်ဘက်ခြမ်းတွင် ၆၀ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း၊ ကျန်ရှိလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
မြို့ရှောင်လမ်းဖောက်လုပ်ရာ၌ တောင်ငူမြို့နယ်မှ တောင်သူ (၁၀၅) ဦး စိုက်ပျိုးမြေဧက ၁၁၁ ဒသမ ၉၆ ဧကအား မြေယာလျော်ကြေးငွေနှင့် သီးနှံလျော်ကြေးငွေကျပ်သိန်း ၉၉၈၆၂၈၅၀ဝ ကို ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ အုတ်တွင်းမြို့နယ်ဘက်ခြမ်းမှ ပါဝင်သည့် ဉယျာဉ်တော်ကျေးရွာအုပ်စုနှင့် ဝဲဒေါင့်ကျေးအုပ်စုတို့မှ ပါဝင်သည့် တောင်သူများထံပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ပေးအပ်ပွဲကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် ဦးဌေးလွင် ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့က တောင်ငူမြို့ရှောင်လမ်းဖောက်လုပ်ရာ၌ ပါဝင်သွားသည့် အုတ်တွင်းမြို့နယ် ဉယျာဉ်တော် ကျေးရွာအုပ်စုနှင့် ဝဲဒေါင့်ကျေးရွာအုပ်စု တို့မှ တောင်သူ (၁၀၁) ဦး စိုက်ပျိုးမြေဧကပေါင်း ၁၁၈ ဒသမ ၈၀ ဧကအတွက် မြေယာလျော်ကြေးငွေ ကျပ်သိန်း ၆၂၀၆၄၀ဝ၀ဝ ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သူရ(တောင်ငူ)


