တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင် ၁၁ ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရ

ဆိုးလ် ၁၄  ဇူလိုင်

 

တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ၁၁ ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံ ကူးစက်ခံရကြောင်း တောင်ကိုရီးယား အခြေစိုက် အမေရိကန်တပ်ဖွဲ့က ယနေ့ ပြောကြားသည်။


အဆိုပါ တပ်ဖွဲ့ဝင် ၁၁ ဦးသည် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းဖြစ်ပြီး မြို့တော်ဆိုးလ်မှ တောင်ဘက် ကီလိုမီတာ ၇၀ ခန့်အကွာတွင် တည်ရှိသော အမေရိကန် တပ်စခန်းများဖြစ်သည့် ကမ့်ဟုန်ဖရေးစ်နှင့် အိုဆန်လေတပ်အခြေပြုစခန်းရှိ သီးခြား စောင့်ကြပ်ရေး စင်တာများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ယခုအခါ တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အမေရိကန်တပ်ဖွဲ့ဝင် ၇၄ ဦးရှိလာပြီး ၎င်းတို့အနက် ၃၃ ဦးသည် လက်ရှိတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ သတင်းဌာနတစ်ခုဖြစ်သည့် ယွန်ဟပ်သတင်း အေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။


တောင်ကိုရီးယားနိုင်ငံ၌ တာဝန်ပေးအပ်ထားသော အမေရိကန်တပ်ဖွဲ့ဝင်အသစ် ရှစ်ဦးနှင့် အရပ်ဘက်အလုပ်သမား တစ်ဦးအပါအဝင် တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင် ကိုးဦးသည် ကိုဗစ်ရောဂါ ကူးစက်ခံရကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်တပ်ဖွဲ့က ယမန်နေ့တွင် သတင်းဖော်ပြထားသည်။

 

ယနေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၂ ဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၄၇၉ ဦး ရှိလာကြောင်း သိရသည်။ အဆိုပါ ရောဂါကူးစက်ခံရသူများအနက် ၄၃ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လာသူများမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး ရက်ပေါင်း ၁၁၀ အတွင်း ရောဂါကူးစက်မှုနှုန်း အမြင့်မားဆုံး ဖြစ်လာခဲ့သည်။


သို့သော် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်တပ်ဖွဲ့ကမူ စင်းလုံးငှားလေယာဉ်ပေါ် စီးနင်းလိုက်ပါလာသည့် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ခရီးသည်အားလုံးကို တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခဲ့ပြီး လူတစ်စုံတစ်ဦးနှင့်မျှ ထိတွေ့မှုမရှိမီ ချက်ချင်း သီးခြားခွဲ၍ထားရကြာင်း ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ