တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်- ၁၉ ထပ်မံကူးစက်ခံရသူ ၄၁ ဦးတွေ့ရှိ

ဆိုးလ် ၂၅  ဇူလိုင်

တောင်ကိုရီးယားနိုင်ငံ၌ ဇူလိုင် ၂၄ ရက်တွင် ကိုဗစ်-၁၉ထပ်မံကူးစက်ခံရ သူ ၄၁ ဦး ထပ်တိုးလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ အရေအတွက် စုစုပေါင်း မှာ ယခုအခါ ၁၃၉၇၉ ဦးအထိ ရှိသွားပြီဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံအတွင်း ပြည်ပမှ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရမှုများနှင့် ပြည်တွင်း၌ အစုလိုက် ကူးစက်ခံရမှုများ ဆက်တိုက်ဖြစ်ပွားနေမှုကြောင့် နေ့စဉ်ရောဂါကူးစက်ဖြစ်ပွား မှုအရေအတွက် ဆက်လက်တိုးလာလျက် ရှိသည်။ အသစ်ထပ်မံ ကူးစက်ခံရသူများအနက် ၁၃ ဦးမှာ ပင်လယ်ရပ်ခြားမှ ကူးစက်ခံလာရခြင်းဖြစ်ပြီး ယင်းသို့ ကူးစက်ခံလာရသူ အရေအတွက် စုစုပေါင်းမှာ ၂၁၅၈ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်မှုကြောင့် တစ်ဦး ထပ်မံသေဆုံးပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၂၉၈ ဦး ရှိပြီဖြစ်သည်။ သေဆုံးသူ အရေအတွက်သည် နိုင်ငံအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု အရေအတွက်၏ ၂ ဒသမ ၁၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ရောဂါကူးစက်မှုမှ ပြန်လည်သက်သာလာသည့်အတွက် ဆေးရုံမှဆင်းလာသူ နောက် ထပ် ၅၉ ဦးရှိရာ ပြန်ကောင်းလာသူ စုစုပေါင်း ၁၂၈၁၇ ဦးရှိပြီဖြစ်ကြောင်း တောင်ကိုရီးယားကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်မှစတင်ကာ ပြည်သူ၁ ဒသမ ၅၁ သန်းကျော်ကို ဗိုင်းရပ်စ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ