တောင်ကိုရီးယားနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိလာ

ဆိုးလ် ဒီဇင်ဘာ ၉

 

တောင်ကိုရီးယားနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိလာခဲ့ကြောင်း သိရသည်။

 

ယမန်နေ့က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၁၇၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ရောဂါပိုးမွှားထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၈ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ အပြင်းအထန်ခံစားနေရသူများ ရှိနေသည့်အတွက် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးများဖြစ်လာမည့်အရေးကို တာဝန်ရှိသူ များက စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မြို့တော် ဆိုးလ်နှင့် အနီးပတ်ဝန်းကျင်ဒေသများမှ ဖြစ်သည့်အတွက် အဆိုပါဒေသများရှိ ဆေးရုံများ၌ ဆေးရုံခုတင်များ လုံလောက်စွာ ထားရှိနိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် လတ်တလောအချိန်၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ အရေအတွက် များပြားလာ သဖြင့် နေအိမ်များ၌ ဆေးကုသမှုခံယူနိုင်ရေးအတွက် ပံ့ပိုးသည့်အစီအမံများကိုလည်း အစိုးရက ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံအတွင်းရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ