တောင်ကိုရီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှစ်ဦးသေဆုံး၊ ခြောက်ဦးပျောက်ဆုံးနေ

ဩဂုတ် ၉

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်နှင့် ဂျောင်ဂျီပြည်နယ်တို့တွင် ပြီးခဲ့သည့်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ယနေ့တွင် ပြောကြားသည်။

 

ဆိုးလ်မြို့တစ်စိတ်တစ်ဒေသ၊ မြို့တော်အနီး ဂျောင်ဂျီပြည်နယ်နှင့် အနောက်မြောက်ဘက် အင်ချွန်းဆိပ်ကမ်းမြို့တို့တွင် ယမန်နေ့ညက တစ်နာရီလျှင် မိုးရေချိန်မီလီမီတာ ၁၀၀ ကျော်ရှိသည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။ 

 

တောင်ကိုရီးယားသမ္မတက သဘာဝဘေးနှင့်ဘေးကင်းလုံခြုံရေးဆိုင်ရာအခြေအနေနှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးကို ဆိုးလ်မြို့ရှိ အစိုးရအဆောက်အဦတွင် ယနေ့မနက်အစောပိုင်းက ပြုလုပ်ခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသောအပျက်အစီးများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာလုပ်ဆောင်ရန် ၎င်းကပြောကြားသည်။

 

ဆိုးလ်နှင့်အနီးဝန်းကျင်ဒေသများတွင် ယနေ့နှောင်းပိုင်း မိုးပိုမိုရွာသွန်းနိုင်သည်ဟု  မိုးလေဝသဌာနက ခန့်မှန်းထားသော်လည်း ရေလွှမ်းမိုးသော နေအိမ်များ၊ အဆောက်အဦများနှင့် မြေအောက်ရထားဘူတာရုံများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို