တောင်ကြီးမြို့၌ ဖူဆယ်နည်းပြဆရာ သင်တန်းဖွင့်ပွဲ ကျင်းပ

တောင်ကြီး   အောက်တိုဘာ    ၂၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံး အဖွဲ့ချုပ်၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Level 1 Coaching Certificate Course (ဖူဆယ်နည်းပြဆရာ သင်တန်း) ကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်သည် ။

ဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် သင်တန်းဆရာ၊ သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ် ၀န်ကြီးချုပ်က သင်တန်း၌ စိတ်၀င်တစားဖြင့် စာတွေ့ လက်တွေ့ သင်ကြား ပြသမှုများကို ကြိုးစားသင်ယူကြရန် အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ မစ္စတာဘန်လတ်ချာရာဝန်တို့က အသီးသီး နှုတ်ဆက်စကားပြောကြားသည်။

နည်းပြဆရာသင်တန်းကို နိုင်ငံတကာ အသိအမှတ်ပြု လိုင်စင်ရ ဖူဆယ်နည်းပြဆရာများ ပေါ်ထွက်လာစေရန်၊ ပြောင်းလဲလာသည့် ဖူဆယ် နည်းဥပဒေသစ်များကို ခေတ်နှင့်အညီ သိရှိနားလည်စေရန်အတွက် ထိုင်းနိုင်ငံမှ နည်းပြဆရာ မစ္စတာဘန်လတ်ချာရာ၀န်က ပို့ချသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သင်တန်းသားများ အပါအ၀င် ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ/ခရိုင်နှင့် မြို့နယ်များမှ သင်တန်းသား ၁၂ ဦး သင်တန်းသူ ရှစ်ဦး စုစုပေါင်း ၂၀ တက်ရောက်ကြကာ သင်တန်းကာလမှာ ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 မောင်မောင်သန်း(တောင်ကြီး)