တစ်နှစ်အတွင်း အောင်မြင်စွာတည်ဆောက်ခဲ့သည့် မြောင်းမြတံတားသစ်ကြီး ဖွင့်တော့မည်

ရန်ကုန် ၃၀  မတ် 

 

မြောင်းမြတံတားသစ်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် ကားလမ်းအတွင်းရှိ ရွေးမြစ်ပေါ်မှ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ နံနက်က ကျိုးကျခဲ့သော မြောင်းမြကြိုးတံတားကြီး၏ ရေစုန်ဘက် ၄၈ ပေ အကွာ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၁)က တာဝန်ယူ တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး တံတားအရှည် ၂၇၂၃ ဒသမ ၂၃ ပေရှိသည်။

 

အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနတည်ဆောက်ရေးအဖွဲ့ (၁)က ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်မှစ၍ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

 

မြောင်းမြကြိုးတံတား အဟောင်းပျက်ကျခဲ့ခြင်း 

 

မြောင်းမြတံတားသစ်ကြီး အကြိုအင်ဂျင်နီယာလုပ်ငန်း များဆောင်ရွက်ပြီးနောက် ချဉ်းကပ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေစဉ်ကာလအတွင်း ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၄၅မိနစ်တွင် မြောင်းမြကြိုးတံတား အဟောင်းမှာ ကျိုးကျခဲ့ခြင်းဖြစ်သည်။

 

တံတားဟောင်းကျိုးကျပျက်စီးပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က လာရောက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တပ်မတော်ရေ တပ်ဖွဲ့ဝင်များစသည့် အဖွဲ့အစည်းများနှင့် ကျိုးကျပျက်စီး သွားသော တံတားအဟောင်းအား တစ်လအတွင်းအချိန်မီ ရှင်းလင်းဖယ်ရှားနိုင်ရန်နှင့် မြောင်းမြတံတား အသစ်အား တစ်နှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

 

မြောင်းမြတံတားအသစ်၏ တံတားပုံစံပြောင်းလဲတည်ဆောက်မှု 

 

ထို့ကြောင့် မြောင်းမြတံတားသစ်၏ ပင်မတံတားအပိုင်းကို မူလရေးဆွဲထားသော ကွန်ကရစ်တံတားပုံစံဖြင့် တည်ဆောက်ပါက နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်သောကြောင့် ဒေသခံ ပြည်သူ လူထုအနေဖြင့် နှစ်နှစ်တာကြာအောင် အခက်အခဲများ တွေ့ ကြုံခံစားရမည်စိုး၍ တစ်နှစ်အတွင်း အပြီးတည်ဆောက် နိုင်မည့် Steel Truss Deck Type အမျိုးအစားကို ပြောင်းလဲတည်ဆောက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက် ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တံတားဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JFE ကုမ္ပဏီတို့ ဆက်စပ် ထူထောင်ထားသော J & M Steel Solution သံမဏိ စက်ရုံ (သာကေတ)မှ လိုအပ်သောပင်မတံတား အပိုင်းအတွက် သံပေါင်များကို ဒီဇိုင်းရေးဆွဲ အချိန်မီထုတ်လုပ်၍ သယ်ယူ တပ်ဆင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မြောင်းမြတံတားအသစ်တည်ဆောက်ရာတွင် Cast-in-place Bored Pile နှင့် PC Spun Pile ဟူ၍ Foundation အမျိုးအစားနှစ်မျိုးကို အသုံးပြုတည်ဆောက်ခဲ့ပြီး ပင်မ တံတားတိုင် RP1 နှင့် RP4 ထိ (၄)တိုင် နှင့် မြောင်းမြဘက်ကမ်း ချဉ်းကပ်တံတားတိုင် M1 မှ M8 အထိနှင့် A1 ကမ်းကပ်ခုံတို့၏ Foundation အုတ်မြစ်များကို Cast-in-place Bored Pile Foundation Type အမျိုးအစားဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ ၎င်းအပြင် ၁ ဒသမ ၂ မီတာအချင်းရှိ ဘိုးပိုင်များကိုလည်း ပိုင်ထိပ်အုပ် Pile Cap အောက် ၃၆ မီတာမှ ၄၂ မီတာအထိ တူး၍ဆောင်ရွက်ခဲ့ပြီး ပင်မတံတားတွင် စုစုပေါင်းအလုံး ၄၀ နှင့် ချဉ်းကပ် တံတား မြောင်းမြဘက်ကမ်းတွင် ၅၄ လုံး၊ စုစုပေါင်း ၉၄ လုံးကိုဌာနမှ ဘိုးပိုင်တူးစက် နှစ်စက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ပင်မတံတားအပေါ်ထည်မှာ Steel Truss Deck Type အမျိုးအစားဖြစ်သောကြောင့် Deck Truss Type ကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ သံလွင်မြစ်ကူး တံတား (တာကော်အက်)တွင် ပထမဦးဆုံး အသုံးပြုတည် ဆောက်ခဲ့ပြီး ယခု ဒုတိယမြောက် တည်ဆောက်သည့်တံတား ပုံစံမျိုးဖြစ်သည်။ ယာဉ်သွားလမ်းသည်လည်း သံမဏိဒိုင်း၏ အပေါ်မှသွားသော ပုံစံမျိုးဖြစ်၍ တံတားအသုံးပြုသူများအတွက် သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်ဟု သိရသည်။

 

မြောင်းမြတံတားအသစ် တံတားဆိုင်ရာအချက်အလက်များ 

 

တံတားအမျိုးအစားမှာ အပေါ်ထည် Steel Truss Deck Type၊ ချဉ်းကပ်တံတား (P.C Composite Girder)၊ တံတားအောက်ထည် သံကူကွန်ကရစ်၊ တံတားအုတ်မြစ် RC Bored Pile နှင့် Spun Pile Foundation Type၊ တံတားအရှည် ၈၃၀ မီတာ ၂၇၂၃ ဒသမ ၂၃ ပေ၊ တံတားခန်းဖွင့် ၇၅မီတာ၊ ၁၄၀ မီတာ၊ ၇၅ မီတာ၊ စုစုပေါင်း ၂၉၀ မီတာ၊ ချဉ်းကပ်တံတားခန်းဖွင့် (မြောင်းမြဘက်ကမ်း) ၃၀ မီတာ×၉ ခန်း၊ စုစုပေါင်း ၂၇၀ မီတာ၊ (ပုသိမ်ဘက်ကမ်း) ၃၀ မီတာ × ၉ ခန်း၊ စုစုပေါင်း ၂၇၀ မီတာ၊ တံတားအကျယ်မှာ ၃၄ ပေ၊ (၁၀ ဒသမ ၅ မီတာ)၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ (၈ ဒသမ ၅ မီတာ)၊ လူသွား လမ်းအကျယ် တစ်ဖက်လျှင် ၃ပေ၊ ခွင့်ပြုယာဉ် အလေးချိန် (HS-25 Load Class) ဖြစ်သည်။
အဆိုပါ မြောင်းမြတံတားသစ်ကြီးသည် တည်ဆောက်မှု လုပ်ငန်းကို တံတားတည်ဆောက်ရေးအဖွဲ့က တစ်နှစ်အတွင်း အပြီးတည်ဆောက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အများပြည်သူများ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သော စစ်ဆေးတိုင်းတာခြင်းများဆောင်ရွက်ပြီး လုံခြုံ စိတ်ချမှုရှိကြောင်း သိရသဖြင့် မကြာမီရက်အတွင်း ဖွင့်လှစ် ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

 

ခရမ်းစိုးမြင့်