တာမွေမြို့နယ်တွင် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန် အောက်တိုဘာ ၂၉

 

“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

 

ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား /ကျောင်းသူများအား တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

 

“ယခုလို မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့အတွက် ပထမဦးဆုံးအနေနဲ့ မိဘအုပ်ထိန်းသူတွေရဲ့ သဘောတူညီချက်ကို အရင်ဆုံးရယူပါတယ်။ နောက်တစ်ခုက ကလေးတွေအနေနဲ့ ဆေးထိုးတဲ့အခါမှာ ဖျားနေတာတို့၊ အတက်ရောဂါရှိတာတို့၊ တခြားရောဂါရှိတဲ့ ကလေးတွေကိုတော့ ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးထိုးသင့်တယ်ဆိုမှ ထိုးနှံပေးတာဖြစ်ပါတယ်။ ဒါကြောင့် မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရစေဖို့ ကာကွယ်ဆေးကို ယုံယုံကြည်ကြည်နဲ့ လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်” ဟု တာမွေမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။

 

တာမွေမြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေး အသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

mdn

 

 

“ကျွန်တော်တို့လို ကျောင်းသား/ကျောင်းသူတွေကို နိုင်ငံတော်ကနေ ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင်လို့ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက် နိုင်ငံ့အကြီးအကဲများနှင့် ဒီမှာလာရောက် ထိုးနှံပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။ ရောဂါကို မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်မှ ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့အတိုင်း ကာကွယ်ဆေး မထိုးနှံရသေးတဲ့ သူငယ်ချင်းတွေကိုလည်း လာရောက်ထိုးနှံကြဖို့ တိုက်တွန်းချင်ပါတယ်”  ဟု ဆေးလာရောက်ထိုးနှံသူ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ အရေအတွက်မှာ မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း (၄) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၁၂) ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (၇) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၇၉၁) ဦးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၄) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၄၇) ဦး၊ စုစုပေါင်း မြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၅၀) ဦးရှိပြီး အောက်တိုဘာ ၁၇ ရက်က မြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၃) ဦးကိုလည်းကောင်း၊ ယနေ့ အောက်တိုဘာ ၂၉ ရက်တွင် ဒုတိယနေ့အဖြစ် မြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၅) ဦးကိုလည်းကောင်း၊ စုစုပေါင်း မြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၈) ဦးကို (ပထမအကြိမ်) အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံရန် ကျန်ရှိနေသေးသည့် မြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)