တာချီလိတ်နယ်စပ်မှ နိုင်ငံခြားသားခရီးသွားဧည့်သည်များ တစ်ပတ်အတွင်း ၂၃၂၆၆ ဦး ဝင်ရောက်လည်ပတ်

တာချီလိတ် ၂   သြဂုတ်  


တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ် လျက်ရှိရာ ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၃၂၆၆ ဦးဝင်ရောက် လည်ပတ်ခဲ့ပြီး၊ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအတွင်း ၇၁၁၃၅၅ ဦး ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။ 


နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝ အလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုဘဝပုံစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန် ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၁၉၉၇ ဦး နှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား) ၃၁၈ ဦး၊ ညအိပ် ခရီးစဉ်အဖြစ်  မိုင်းဖြတ်မြို့နှင့်ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၄၆ ဦး၊ ပြည်တွင်းခရီးစဉ်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၉၀၅ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။ 


ယခုနှစ်အတွင်း Caravan Tour ခရီးစဉ်အဖြစ် တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ခရီးစဉ် လေးခုတွင် မော်တော်ယာဉ် ၃၇ စီး၊ မော်တော်ဆိုင်ကယ် ၈ စီး၊ ဧည့်သည် ၁၀၉ ဦး၊   မြဝတီ၊ တမူးနယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်ပြီး  တာချီလိတ်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသည့်ခရီးစဉ် ၃၃ခုတွင်  မော်တော်ယာဉ် ၁၁၂စီး၊ မော်တော်ဆိုင်ကယ် ၁၁၃ စီး၊ ခရီးသွားဧည့်သည်  ၃၉၇ ဦးတို့  ဝင်ထွက်ခဲ့သည်။


တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ထိုင်းနိုင်ငံသား ၆၅၆၁၀၃ ဦး၊ တတိယနိုင်ငံသား(နိုင်ငံခြားသား) ၈၄၀၄ ဦး၊ လန့်တောင်းဘုရားနေ့ချင်းပြန် ထိုင်းနိုင်ငံသား ၂၄၅ ဦး၊ မိုင်းဖုန်း နေ့ချင်းပြန်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသား ၁၁၃ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ခရီးစဉ်တွင် ၇၄၃၉ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်) ဖြင့် ပြည်တွင်းခရီးစဉ်သို့ ၃၉၀၅၁ ဦး၊ စုစုပေါင်း နိုင်ငံခြားခရီးသွားဧည့်သည် ၇၁၁၃၅၅ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။ 


ဖြိုးလေး(တာချီလိတ်)