TikTok က မြန်မာအပါအဝင် နိုင်ငံအချို့၌သာ သုံးနိုင်သည့် TikTok Now ကို စမ်းသပ်နေ

 

ရန်ကုန် အောက်တိုဘာ ၁၀

 

TikTok ထက်ပို၍ အသုံးပြုရလွယ်ကူသော ပုံစံဖြစ်မည့် TikTok Now ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့၌  စက်တင်ဘာလ ကုန်ပိုင်းမှစ၍ စမ်းသပ်နေကြောင်းနှင့် မြန်မာနိုင်ငံမှ TikTok အသုံးပြုသူများ အနေဖြင့်  TikTok Now ကို မူလ TikTok အက်ပလီကေးရှင်းမှဖြစ်စေ၊ TikTok Now  အက်ပလီကေးရှင်းအသစ်ကို ထည့်သွင်း၍ဖြစ်စေ  ဝင်ရောက်ကြည့်ရှု အသုံးပြုနိုင်ပြီဖြစ်ကြောင်း  TikTok မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

TikTok Now သည်  TikTok ကဲ့သို့ပင် ဗီဒီယိုများ ဖန်တီးမျှဝေနိုင်သည့် ဖျော်ဖြေရေး ဆိုရှယ်မီဒီယာဖြစ်ပြီး အသုံးပြုသူများ၏  ဘေးကင်းလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ  အချက်အလက်များကို အလေးထားပြီး ရေးဆွဲဖန်တီးထားကြောင်း၊ TikTok Now တွင် ဗီဒီယိုဖန်တီးသူများအနေဖြင့်  ကြည့်ရှုမည့်သူများနှင့် Engage လုပ်မည့်များသူကို  ရွေးချယ်ဆုံးဖြတ်နိုင်ကြောင်း၊  အခြားသူများကို Block ခြင်း၊  မည်သည့်မှတ်ချက်များထားရှိမည်ကို ရွေးချယ်ခြင်း၊ TikTok ၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ချိုးဖောက်မှုတွေ့ရှိပါက တိုင်ကြားခြင်းများလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။

 

ထို့ပြင် ဆယ်ကျော်သက်များအတွက် ဘေးကင်းလုံခြုံမှုနှင့် စိတ်ချမှု ရှိစေရန်အတွက် TikTok ကဲ့သို့ပင် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား၊ ၁၅ နှစ်မှ ၁၆ နှစ်ကြားနှင့် ၁၈ နှစ်အောက်စသည့် အသက်အရွယ်အလိုက် သီးခြား Setting များ သတ်မှတ်ပေးထားမည်ဖြစ်ပြီး  အသက် ၁၆ နှစ်အောက်  အသုံးပြုသူများ အနေဖြင့် TikTok Now အကောင့်ဖွင့်မည် ဆိုလျှင် သီးသန့်  Private အဖြစ် အလိုအလျောက် သတ်မှတ်ထားမည်ဖြစ်သည်။

 

TikTok အနေဖြင့်  အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေချောမွေ့သော နည်းလမ်းများကို  ကြိုးစားရှာဖွေလျက်ရှိပြီး TikTok  Now သည် လာမည့် ရက်သတ္တပတ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများထံသို့  ရောက်ရှိလာတော့မည် ဖြစ်ကြောင်းနှင့် TikTok အသုံးပြုသူ များအနေဖြင့် TikTok Now ပုံစံအသစ်ကို မည်သို့အသုံးပြု  လက်ခံကြသည်ကို ပိုမို ရှာဖွေလေ့လာခြင်းဖြင့် သုံးစွဲသူ အတွေ့အကြုံများကို  ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း TikTok က သတင်းထုတ်ပြန်ထားသည်။ 

 

ကိုစိုး