Tik Tok ကို ဝယ်ယူရန် အော်ရီကယ်ကို ထရမ့်ထောက်ခံ

ဝါရှင်တန်  ၂၀   ဩဂုတ်

ရက်ပေါင်း ၉၀ အတွင်း Tik Tok ကို အမေရိကန်အဖွဲ့အစည်းတစ်ခုခုသို့ လွှဲပြောင်းရောင်းချခြင်းမပြုပါက အမေရိကန်အစိုးရအနေဖြင့် Tik Tok ကို ပိတ်ပင်တားဆီးသွားမည်ဖြစ်ကြောင်း လွန်ခဲ့သောသီတင်းပတ်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ထို့နောက် အဆိုပါနာမည်ကျော် ဗီဒီယိုမျှဝေခြင်း အက်ပလီကေးရှင်းကို ဝယ်ယူရန် အော်ရီကယ်နှင့် မိုက်ခရိုဆော့ဖ်ကုမ္ပဏီတို့ အပြိုင်အဆိုင် ပေါ်ထွက်လာခဲ့သည်။ အော်ရီကယ်တွဲဖက်တည်ထောင်သူ လယ်ရီအယ်လီဆန်သည် ယခုနှစ်အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲရန်ပုံငွေ ထူထောင်ရေးပွဲကို ပြုလုပ်ခဲ့ပြီး သမ္မတကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်ဆော့ဖ်ဝဲ ကုမ္ပဏီ ဖြစ်သည့် အော်ရီကယ်သည် ကောင်းမွန်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး Tik Tok ကို ကောင်းကောင်းဝယ်ယူနိုင်သည့် ကုမ္ပဏီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ၏ ထောက်ခံချက်ပေးမှုကြောင့် အော်ရီကယ် ဆော့ဖ်ဝဲကုမ္ပဏီတည်ထောင်သူ ဘီလျံနာ သူဌေးကြီး လယ်ရီအယ်လီဆန် သည် တရုတ်မိခင်ကုမ္ပဏီဖြစ်သော ဘိုက်ဒန့်စ်ကုမ္ပဏီထံမှ Tik Tok ၏ မြောက်အမေရိက၊ ဩစတြေးလျနှင့် နယူးဇီလန်ရှိလုပ်ငန်းများကို ဝယ်ယူရန် စိတ်အားထက်သန်လျက်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အော်ရီကယ်ကုမ္ပဏီပိုင်ရှင်သည် တကယ့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး Tik Tok ကို ကောင်းကောင်းစီမံအုပ်ချုပ်နိုင်စွမ်းရှိသည်ဟု ပြောကြားလိုက်သည်။

Tik Tok ကိုဝယ်ယူရန် စက်တင်ဘာ ၁၅ ရက်အထိ အချိန်ပေးထားကြောင်း သိရသည်။ အော်ရီကယ်အနေဖြင့် Tik Tok ကို ဘယ်လောက်ပေးမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ဘိုက်ဒန့်စ်၏ ရင်းနှီး မြှုပ်နှံသူများက Tik Tok သည် ကမ္ဘာ့စီးပွားရေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ပေါက်ဈေးရှိကြောင်း ပြောကြားလိုက်သည်။

အေအက်ဖ်ပီ