ထန်းတပင်နှင့်အုတ်တွင်းမြို့နယ်များတွင် မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် ပြောင်းခင်းများပျက်စီးမှု များပြား၍ တောင်သူများ အရှုံးပေါ်

mdn

တောင်ငူ   ၂၁    ဇွန် 

တောင်ငူခရိုင်အတွင်းရှိ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်များတွင် စစ်တောင်းမြစ်ရေတင် စနစ်ဖြင့် စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ စက်လှေများဖြင့် တောင်ငူ-လိပ်သိုကားလမ်း စစ်တောင်းတံတားထိပ်ရှိ ပြောင်းအဝယ်ဒိုင်များသို့စတင်ဝင်ရောက်လျက်ရှိပြီး ပြောင်းဖူးများမှာ ပျက်စီးမှုများပြားသည့်အတွက် ရောင်းသူရော ဝယ်ယူသူပါတွက်ခြေမကိုက်ဖြစ်ကာ အရှုံးပေါ်လျက်ရှိကြောင်း အဆိုပါအဝယ်ဒိုင်များထံမှ  ယနေ့ စုံစမ်းသိရှိရသည်။ 

“ထန်းတပင်မြို့နယ်ထဲမှာဆိုရင် ချောင်းဝ၊ ပဲပုတ်၊ အုန်းပင်၊ ဇီးဖြူသောင် ကျေးရွာတွေဘက်မှာ ပြောင်းကို အများဆုံး စိုက်ပျိုးကြတယ်။ အုတ်တွင်းဘက်မှာဆိုရင် ခေါင်းရမ်း၊ ဝတီး အဲ့ဒီရွာတွေဘက် မှာ အများဆုံးစိုက်ပျိုးကြတာ တွေ့ရတယ်။ ဒီနှစ်က ပြောင်းစိုက်ပျိုးထားတဲ့ နွေကာလမှာ အ ပူချိန်က အရမ်းပြင်းတော့ ရေမနိုင်တာပေါ့။ မြစ်ထဲကနေ ရေကိုစက်နဲ့မောင်းတင်တယ်။ ဒီဘက်က တင်တော့ ဟိုဘက်ကခြောက်၊ ဟိုဘက်ကိုတင်တော့ ဒီဘက်ကခြောက် အဲ့လိုဖြစ်ကုန်တာ။ ပြောင်းခင်း တွေကိုကြည့်လိုက်ရင် အဖူးတွေကစိမ်းနေတာပဲ။ ဒါပေမယ့် ပြောင်းဖူးကိုနွှာကြည့်လိုက်တော့ အထဲမှာ အဆံကတွေ ကျဲနေတယ်။ အချို့အဖူးတွေဆို လေးငါးစေ့ပဲ ပါတာတွေ့ရတော့ ဒီမှာလွှင့်ပစ်ရတာကများတယ်” ဟု တောင်ငူရှိ အဝယ်ဒိုင်ဖွင့်ထားသည့်ကုန်သည်တစ်ဦးက ပြောကြား သည်။  

ပြောင်းစိုက်ပျိုးသည့်တောင်သူများအနေဖြင့် ထယ်ရေးပြုပြင်ခြင်း၊ ရေသွင်းခြင်း၊ စိုက်ပျိုးခြင်း၊ မျိုးစရိတ် စက်သုံးဆီဘိုး၊ ခုတ်သိမ်းခများကိုတွက်ချက် ကြည့်ပါက တစ်ဧကလျှင် ငွေကျပ် ၄ သိန်းဝန်းကျင်အထိ ကုန်ကျစရိတ်ရှိပြီး ယခုဈေးကွက်သို့ ပြောင်းဖူးပြန်လည်တင်ပို့ရောင်းချသည့်အခါ ကုန်ကျစရိတ်၏ ထက်ဝက်ပင် ပြန်လည်ရရှိခြင်းမရှိကြောင်း ခေါင်းရမ်း ကျေးရွာဒေသခံတစ်ဦးကပြောသည်။

“ကျွန်မတို့က တောင်သူတွေဆီသွားပြီး အခင်းပြတ်ဝယ်တာပေါ့။ မနှစ်ကဆိုရင် မဆိုးဘူးလို့ပြောရ မယ်။ ဒီနှစ်လည်း အဲ့လိုတွက်ခြေကိုက်မယ်ထင်လို့ ဝယ်လိုက်တာ။ အခုပြောင်းခုတ်သိမ်းပြီး ဒီကို သယ်လာပြီး ရောင်းတော့မှ ပယ်ဖူးတွေများကုန်တော့ အများကြီးရှုံးတာပေါ့။ တစ်ရက်တစ်ရက် ကို အဖူး တွေခြောက်ကုန်လို့ အစေ့ကျဲတွေပါလို့ ဆိုပြီးလွှင့်ပစ်ရတာ အဖူးရေသောင်းဂဏန်းလောက်ရှိ မယ် ဟိုဘက်မြောင်းထဲမှာသာကြည့်ပေတော့ ”ဟု ပြောင်းဖူးများလွှင့်ပစ်ထားသည့် စစ်တောင်းမြစ်ကမ်း ဘက်ရှိလျှိုအတွင်းလက်ညှိးထိုးပြရင်းပြောပြသည်။ 

တောင်ငူသို့ဝင်ရောက်လာသည့် ပြောင်းဖူးများအား ရန်ကုန်၊ မော်လမြိုင်မြို့များသို့ နေ့စဉ် တင်ပို့လျက်ရှိပြီး ဈေးကွက်ဝယ်လိုအားမှာ ယခုတိုင်ကောင်းမွန်ခြင်း မရှိသေးကြောင်းသိရှိရသည်။ 

ကိုလွင်(ဆွာ)

 

mdn