ထန်းတပင် ၁၈ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ အသက်ရှူ လမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကြိုတင်ကာကွယ် နိုင်စေရန်ရည်ရွယ်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID- 19) အကြောင်း အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်တာဝန်ရှိသူများက မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ မတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းက လူသွား လူလာ များပြားသည့် မြို့မစျေး၊ ကားဂိတ်နှင့် ကုမုဒြာပန်းခြံတို့တွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဆောင်ရွက်ရာ၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလမင်းနှင့် ကျန်းမာရေးဝန်ထမ်းများက လူသွားလူလာ များပြားသည့် မြို့မစျေး၊ ကားဂိတ်တို့တွင် ခရီးသွားပြည်သူများနှင့် ရပ်ကွက် နေပြည်သူများအား နိုင်ငံတာကာတွင် ဖြစ်ပွားလျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID- 19) အကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းနှင့်ပတ်သက်၍ အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက (COVID-19) ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။
အလားတူ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိသင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အ.ထ.က (ထန်းတပင်) စာစစ်ဌာနကျောင်းရှေ့ရှိ ကုမုဒြာပန်းခြံတွင် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) နှင့်ပတ်သက်၍ ကောလာဟလ သတင်းအမှားများကို မယုံကြည်ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များကိုသာ လိုက်နာသွားရန်နှင့် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ (COVID- 19) နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်များကို အသိပညာ ပေးဆောင်ရွက်ခဲ့ကြပြီး (COVID- 19) နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့် ဝေပေးခဲ့ကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)


