ထန်းပင်မြစ်လှိုင်လှိုင်ပေါ်ချိန် ထန်းပင်မြစ်ပျိုးထောင်ရောင်းချသူများ အဆင်ပြေ

ညောင်ဦး၊ ၁၆ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့နှင့် ငါ့သရောက်မြို့တို့တွင် ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများနှင့် ထန်းပင်မြစ်ပွဲစားများ ထန်းပင်မြစ်ရောင်းချခြင်း၊ တစ်ဆင့်ယူပွဲစားများ နယ်ဝေးပို့ ရောင်းချခြင်းဖြင့် အဆင်ပြေတွက်ခြေကိုက်နေကြကြောင်း ကျောက်ပန်းတောင်းမှ ထန်းပင်မြစ်ပွဲစား ဦးပေါ်လာက ပြောပြသည်။

 

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြိုနယ်နှင့် ငါ့သရောက်မြို့တွင် ထန်းပင်၊ ထန်တော အလွန် ပေါများကာ ထန်းတောင်သူ ရှားပါးလာခြင်းကြောင့် ထန်းပင်များ ထန်းလှီးမှုသိပ်မရှိတော့ဘဲ ထန်းသီးမှည့်ချိန် ဖြစ်သည့် တော်သလင်းလနှင့် သီတင်းကျွတ်လတွင် ထန်းသီးမှည့်များ လိုက်လံကောက်ယူစုဆောင်းခြင်း၊ ထန်းသီး မနုမရင့်ချိန်တွင် ထန်းသီးများ တက်ခုတ်ကာ နွားစာအတွက် စဉ်းကျွေးပြီး ထန်းသီးရင့်လျှင် ထန်းသီးဆံ(အစေ့) ရင့်ခြင်းကြောင့် ပျိုးထောင်၍ရခြင်း၊ ထန်းသီးနုလျှင် နွားစာအဖြစ် အသုံးပြုခြင်းနှင့် ထန်းသီးဆံ အရင့်အား ခွဲကာ အပုပ်စိမ်၍ နွားများတိုက်ကျွေးလျှင် အာဟာရဓာတ်ကြွယ်ဝခြင်းကြောင့် စဉ့်အိုးများနှင့် စိမ်ထားကြပြီး နွားစာနှင့် ရောကျွေးကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာမှ ဦးသန်းထိုက်က ပြောပြသည်။

 

ထန်းပင်မြစ်များ တူးဖော်ရောင်းချချိန်တွင် ကျောက်ပန်းတောင်းမြို့မှ ပွဲစားများသည် ငါ့သရောက်မြို့ ထန်းပင်မြစ် ပျိုးထောင်သည့် နေရာများအထိ လာရောက်ဝယ်ယူကြကာ အခြားမြို့များသို့ ပြန်လည်တင်ပို့ရောင်းချကြကြောင်း သိရသည်။ ထန်းပင်မြစ် ၂၅ ချောင်း တစ်စီးလျှင် ငါးရာကျပ် ဖောက်သည်ဈေး ရောင်းချပေးကြောင်းနှင့် ပြန်လည်ရောင်းချပါက ၂၅ ချောင်း တစ်စီး တစ်ထောင်ကျပ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း၊ ထန်းပင်မြစ်များအား ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပြင်ဦးလွင်မြို့များသို့ တင်ပို့ရကြောင်း ကျောက်ပန်းတောင်းမြို့မှ ထန်းပင်မြစ်ပွဲစား ဒေါ်နှင်းရီထံမှ သိရသည်။ ထန်းပင်မြစ် ပျိုးထောင်ရောင်းချရာတွင် အရင်းအနှီးမလိုဘဲ လုပ်အားသာ လိုအပ်ကြောင်း၊ နတ်တော်၊ ပြာသိုလများသည် ထန်းပင်မြစ်လှိုင်လှိုင်ပေါ်သည့်လများဖြစ်ကာ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ကျောက်ပန်းတောင်းမြို့များသည် ထန်းပင်မြစ်အမြောက်အများထွက်ရှိသည့် ဒေသများဖြစ်ကြောင်း ဦးအောင်ဆန်းက ပြောပြသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)