ချောက် ၁၆ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော စွယ်ပေါက္ကံကျေးရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဝီစိစက်ရေတွင်း တူးဖော်ပေးလျက်ရှိရာ ယခုအခါ စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ချောက်မြို့နယ်သည် အပူပိုင်းဇုန် မိုးနည်းရပ်ဝန်းဒေသဖြစ်ပြီး အပူချိန်မြင့်အားကာ မိုးရွာသွန်းမှုနည်းပါးကြောင်း၊ သန့်ရှင်းသော မြေအောက်ရေ အဝီစိစက်ရေတွင်းတူးဖော်ရာတွင် ရေထိပ်ဝေးကွာလွန်းသဖြင့် အခက်အခဲ များစွာရှိကြောင်း၊ ထန်းခြောက်ပင်ကျေးရွာသည် ယခင်က စွယ်ပေါက္ကံကျေးရွာပိုင်စက်ရေတွင်းအား မှီခိုသုံးစွဲနေရကြောင်း၊ အဆိုပါကျေးရွာအား GP Survey တိုင်းတာရာတွင် မြေအောက်ရေဝေးကွာလွန်းတာကြောင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနပိုင် ရေတွင်းတူးစက်ကြီးဖြင့် တူးဖော်ဆောင်ရွက်ခဲ့ရာ အနက်ပေ (၁၃၅၀)တွင် တူးဖော် အောင်မြင်ခဲ့ကြောင်း၊ ယခုအခါတစ်နာရီ ရေဂါလန် (၁၅၀ဝ)ထွက်ရှိကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ထန်းခြောက်ပင်ကျေးရွာ သောက်သုံးရေရရှိရေး လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ် ၃၇ ဒသမ ၈၅ သန်းဖြင့် အနက်ပေ (၁၃၅၀)ခန့် စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့် ပေ၂၀ ရှိ ဂါလန် (၂၄၀ဝ)ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ပါဝါမီတာ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ထန်းခြောက်ပင်ကျေးရွာ အပါအဝင် မင်းဒေါင့်ကျေးရွာ၊ မကျီးပင်တပ်ကျေးရွာ၊ မလွှတောင်ကျေးရွာ၊ တောင်နောက်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ အင်ကြင်းဖုန်း (တဲတိုက်)၊ စမ်းစု ကျေးရွာစသည့်ကျေးရွာ(၈)ရွာ၌ စက်ရေတွင်းတူးဖော်ခြင်း(၈)တွင်းလုပ်ငန်းများကို ငွေကျပ် ၂၄၂ ဒသမ ၂၉ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


