ထွက်ရှိချိန်စောပြီး အထွက်နှုန်းနည်းပါးသဖြင့် စတော်ဘယ်ရီသီးများ အဖွင့်ဈေးကောင်းမွန်

ပြင်ဦးလွင် ၃၀ ဇန်နဝါရီ

 

ယခုနှစ် စတော်ဘယ်ရီသီးပေါ်ချိန်တွင် ထွက်ရှိချိန်စောသည့်အပြင် အထွက်နှုန်းမှာလည်း နည်းပါးသည့်အတွက် တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ နှုန်းအထိ အဖွင့်ဈေးကောင်းမွန်ခဲ့ကြောင်း ပြင်ဦးလွင်မြို့ရှိ စတော်ဘယ်ရီစိုက် တောင်သူများက ပြောသည်။

 

ပြင်ဦးလွင်မြို့နယ်မှ စတော်ဘယ်ရီသီးများသည် နှစ်စဉ် ဇန်နဝါရီလတွင် ပုံမှန်ထွက်ပေါ်လေ့ရှိသော်လည်း ယခုနှစ်တွင် ဒီဇင်ဘာလအတွင်း၌ သီးနှံပေါ်ချိန်စောသည့်အပြင် အဆိုပါလအတွင်း ရွာသွန်းခဲ့သည့်မိုးကြောင့် အသီးအပွင့်များ ထိခိုက်ကာ အထွက်နှုန်းလည်း ကျဆင်းခဲ့သဖြင့် ပေါ်ဦးပေါ်ဖျား၌ ဈေးကောင်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ထွက်ချိန်ကလည်း စောတဲ့အပြင် ရာသီဥတုကြောင့် အထွက်နှုန်းကလည်း နည်းတဲ့အတွက် အရင်နှစ်တွေက တစ်ပိဿာကို ၆၀ဝ၀ ကျပ်နှုန်းပဲ အဖွင့်ဈေးရခဲ့တဲ့ စတော်ဘယ်ရီသီးက ဒီနှစ်မှာ ရန်ကုန်နဲ့ မန္တလေးဒိုင်တွေက တစ်ပိဿာကို ကျပ် ၈၀ဝ၀ နှုန်းအထိ ဈေးပေးဝယ်ယူခဲ့ကြတယ်။ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ မိုးရွာသွန်းမှု မရှိခဲ့ရင်တော့ အထွက်နှုန်းကောင်းလာမှာပါ” ဟု ပြင်ဦးလွင်မြို့နယ် ပင်လိန်သပြေရေကျေးရွာမှ စတော်ဘယ်ရီ စိုက်ပျိုးသူ ကိုဖိုးသားက ပြောသည်။

 

လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ စတော်ဘယ်ရီသီးများ မန္တလေးဈေးကွက်သို့ ဝင်ရောက်လာသဖြင့် ဇန်နဝါရီ နောက်ဆုံးပတ်မှစ၍ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ နှုန်းအထိ ကျဆင်းသွားခြင်းကြောင့် ဖေဖော်ဝါရီလအတွင်း လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၃၀ဝ၀ နှုန်းရရှိနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

 

စတော်ဘယ်ရီသီးကို စတင်ထွက်ရှိချိန်မှ ဧပြီလကုန်အထိ ခူးဆွတ်ယူနိုင်ပြီး တစ်ဧကလျှင် ပိဿာချိန် ၁၅၀ဝ ခန့် ထွက်ရှိနိုင်သော်လည်း ရာသီဥတုပေါ်မူတည်၍ အထွက်နှုန်းပြောင်းလဲကာ ပူအိုက်သည့်ရာသီဥတုကို ကြိုက်နှစ်သက်ကြောင်း သိရသည်။

 

“စတော်ဘယ်ရီသီးက အေးတဲ့ရာသီဥတုကို မကြိုက်ဘူး။ ရာသီဥတုပူလေလေ အထွက်နှုန်းကောင်းလေပဲ။ ဒါအပြင် ဈေးနှုန်းကလည်း အစောဆုံးထွက်တဲ့အခင်းက ပေါ်ဦးပေါ်ဖျားဆို ဈေးပိုရပြီး လှိုင်လှိုင်ပေါ်တဲ့ မတ်လအတွင်းမှာ ကျပ် ၁၂၀ဝ အထိ ကျဆင်းသွားပေမယ့် သင်္ကနြ်အပြီးမှာတော့ တစ်ပိဿာကို ကျပ် ၂၀ဝ၀ နဲ့ ၃၀ဝ၀ ကြားအထိ ဈေးပြန်တက်လေ့ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

ပြင်ဦးလွင်မြို့နယ်ရှိ စတော်ဘယ်ရီသီး စိုက်ပျိုးသူများအနေဖြင့် စိုက်ဧကနှင့် မိသားစုလူဦးရေပေါ်မူတည်၍ စတော်ဘယ်ရီသီးစိုက်ပျိုးမှုဖြင့် မိသားစုဘဝ ရပ်တည်နိုင်သည်အထိ မှီခိုအားထားရသည့် သီးနှံဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)