ဗန်ကောက်  အောက်တိုဘာ   ၈

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် အနုတင် ချန်ဗီရာကူးလ်က ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ငွေကြေးထောက်ပံ့ပေးမည့်  အစီအစဉ်တစ်ရပ်ကို  မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။  

အနုတင်၏ အစိုးရအဖွဲ့က လာမည့် ‌မတ်လသို့မဟုတ် ဧပြီလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်သူများ၏ ထောက်ခံမှုရရှိရန် ရည်ရွယ်ခြင်းဖြစ်ဖွယ်ရှိသည်။

အဆိုပါအစီအစဉ်တွင် နိုင်ငံသားများအား ဘတ်ငွေ ၂၄၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာနီးပါးအထိ    ပေးဝေသွားမည်ဖြစ်သည်။

အသက် ၁၆ နှစ်နှင့်အထက် ပြည်သူများသည် ထောက်ပံ့ကြေးငွေများကို စျေးဝယ်ခြင်း၊ စားသောက်ဆိုင်များ အပါအဝင် အခြားသောဝန်ဆောင်မှုများတွင် အောက်တိုဘာ ၂၉ ရက်မှ နှစ်ကုန်အထိ မိမိစိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်သည်။

ယင်းအစီအစဉ်၏ သက်ရောက်မှုအဖြစ် နိုင်ငံ၏ကုန်ထုတ်လုပ်မှုတန်ဖိုး သုည ဒသမ ၄ ရာခိုင်နှုန်း အထိ မြှင့်တင်နိုင်မည်ဟု မျှော်လင့်ထားသည်။

ဝန်ကြီးချုပ်သစ် အနုတင်က အထွေထွေရွေးကောက်ပွဲမတိုင်မီ ၎င်း၏ အုပ်ချုပ်မှုအတွက် ထောက်ခံမှုရရှိစေရန် အဆိုပါစီးပွားရေးအစီအမံများကို  ရေးဆွဲခြင်းဖြစ်ကြောင်း  ကျွမ်းကျင်သူများက ဆိုသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်