ထိုင်းနိုင်ငံထွက်(ယိုးဒယား)သရက်သီးများ ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာ

ပခုက္ကူ၊  ၃  ဖေဖော်ဝါရီ 

ထိုင်းနိုင်ငံထွက် (ယိုးဒယား)သရက်သီးများ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁)၊ မြို့မဈေးကြီးသို့ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ်ကြောင်း သရက်ချဉ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သည့် မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုထံက သိရသည်။

ထိုင်းနိုင်ငံထွက်(ယိုးဒယားသရက်)ဒေသအခေါ် သရက်သီးများ တစ်နှစ်ပတ်လုံးဝင်ရောက်လျက်ရှိရာ ယခုအခါ သရက်သီးများ များပြားစွာဝင်ရောက်လာကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ဒေသမျိုးရင်း သရက်ပင် များ ဖူးပွင့်ချိန်ရောက်မှ သရက်သီးဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရကာ ခြောက်ပိဿာ အိတ်တစ်အိတ်လျှင် ငွေကျပ်ခြောက်ထောင် ပေးဝယ်ရကြောင်း၊ နွေရာသီက ခြောက်ပိဿာအိတ် တစ်အိတ်လျှင် ရှစ်ထောင်ကျပ်ထိပေးဝယ်ကာ သရက်သီးအသစ်မပြတ်စေရန်ဝယ်ယူကာ သရက်သီး ပေါက်စိပ်လုပ်ရောင်း ချခဲ့ကြောင်း၊ သရက်သီးပေါက်စိပ်တစ်ပိသာလျှင် ကျပ် ၁၇၀၀ ဖြင့် ပြန်လည် ရောင်းချ ရကြောင်း ဒေါ်ကေသီ က ပြောပြသည်။

မြန်မာ့ဒေသမျိုးရင်းသရက်များပေါ်ချိန်တွင် ပေါ်ဦးပေါ်စသာ ဈေးရရှိပြီး သရက်မျိုးစုံလှိုင်လှိုင်ပေါ်ချိန် သရက်သီးတစ်တင်း ကျပ် ၂၀၀၀ မှ ၂၅၀၀ သာဈေးရှိတတ်ကြောင်း သရက်မျိုးစုံလှိုင်လှိုင်ပေါ်ချိန် လှောင်သိပ်ထားကြကာ သရက်သီးအစိမ်းရှားပါးချိန်တွင် လှောင်သိပ်ထားသည့် သရက်ချဉ်များအား စတင် ရောင်းချရကြောင်း စတင်ရောင်းချချိန်က တစ်ပိဿာ ကျပ် ၁၂၀၀ ယခုအခါ သရက်လှောင် သရက်ချဉ် (အဟောင်း)တစ်ပိဿာ ကျပ် ၁၄၀၀ ဖြစ်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံမှဝင်ရောက်လာသည့် သရက်သီးများသည်ဒေသမျိုး သရက်လောက် စားမကောင်းသော်လည်း တစ်နှစ်ပတ်လုံးသီးကာ ရောင်းချ ရခြင်းကြောင့် ဈေးကွက်အသာစီးရနေကြောင်း သရက်ချဉ်လုပ်ငန်းရှင်များက ပြောပြသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)