ဇူလိုင် ၂၇
ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့သည် နိုင်ငံတောင်ပိုင်းရှိ နခွန်စီသမ်မာရတ်ပြည်နယ်နှင့် အစိုးရ၊ ပုဂ္ဂလိကအေဂျင်စီများနှင့် ပူးပေါင်း၍ Wat Phra Mahathat Woramahawihan ဘုရားကျောင်းကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းခံရခြင်းကို ဂုဏ်ပြုအခမ်းအနားများ ကျင်းပလျက်ရှိကြောင်း ဖော်ပြထားသည်။
ဇူလိုင် ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့်ပွဲတော်များတွင် ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုဖျော်ဖြေမှုများ ပါဝင်မည်ဟု သိရသည်။
အဆိုပါမှတ်တမ်းတင်ခံရမှုကြောင့် Wat Phra Mahathat Woramahawihan သည် ထိုင်းနိုင်ငံ၏ ကိုး ခုမြောက် UNESCO ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာခဲ့သည်။
ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူး Thapanee Kiatphaibool က နခွန်စီသမ်မာရတ်ပြည်နယ်သည် ကမ္ဘာတစ်ဝန်းမှခရီးသွားများကို ဆွဲဆောင်နိုင်သည့် ယဉ်ကျေးမှုခရီးသွားနေရာ တစ်ခုဖြစ်လာမည်ဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှ ခရီးသွားများသည် Wat Phra Mahathat Woramahawihan ဘုရားကျောင်းကို လာရောက်လည်ပတ်ကြမည်ဖြစ်ကာ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အနေဖြင့် ဧည့်သည်များအား အသက်ဝင်နေဆဲ ကမ္ဘာ့အမွေအနှစ်၏ ထူးခြားသောအတွေ့အကြုံကို ကိုယ်တိုင်ခံစားနိုင်စေရန်ရည်ရွယ်သည့် ခရီးသွားမြှင့်တင်ရေး လှုပ်ရှားမှု တစ်ရပ်ကို စတင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


