သုဝဏ္ဏဝတီမြို့၌ ရာသီပေါ်သီးနှံများဖြစ်သည့် ဒူးရင်းသီး၊ မင်းဂွတ်သီးများ ဈေးကွက်ကောင်းနိုင်သော်လည်း အသီးအထွက်နှုန်း လျော့ကျမည်

သုဝဏ္ဏဝတီ ၂၄ ဖေဖော်ဝါရီ

 


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီးရှိ ကျေးရွာများ၌ ယခုနှစ်တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ဒူးရင်းသီး၊ မင်းဂွတ်သီးများ ဈေးကွက်အတွင်း စတင်ဝင်ရောက်သည့်အချိန်တွင် ဈေးကောင်းရရှိနိုင်ပြီး သီးနှံပင်များ ရှားပါးလာမှုကြောင့် ယခင်နှစ်များထက် အသီးအထွက်နှုန်း လျော့ကျနိုင်ကြောင်း သိရသည်။

 


“ဒူးရင်းသီး၊ မင်းဂွတ်သီးတွေက ဒီဒေသရဲ့ ပြယုဒ်တစ်ခုပါ၊ လက်ဦးသီးရရင် ဈေးကောင်းရတယ်၊ မနှစ်က ဒေသဒူးရင်းသီး(ပုံမှန်) တစ်လုံးကို ကျပ် ၅၀ဝ၀ လောက်ရတယ်၊ မင်းဂွတ်သီးတစ်လုံး ကျပ် ၂၅၀ ရတယ်၊ အခုက ခြံထဲမှာ ဒူးရင်းသီးတွေတော့ တစ်လုံးစ၊ နှစ်လုံးစ ကြွေနေပါပြီ၊ မင်းဂွတ်သီးတွေလည်း ရင့်မှည့်စ ပြုနေပါပြီ။ ဒါပေမဲ့ အရင်နှစ်တွေထက် မပြောနဲ့၊ မနှစ်က ထက်တောင် အသီးမများတော့ဘူး၊ ဒူးရင်းပင်တွေ ဘာမှန်းမသိ အပင်တွေ သေကုန်တော့ မနှစ်ကထက် အသီးနည်းမယ်၊ အသီးတွေကလည်း သီးတဲ့အပင်က သီး၊ မသီးတဲ့အပင်ကလဲ မသီး၊ တချို့အပင်တွေက မှည့်တော့မယ်၊ တချို့ အပင်တွေက ဖူးပွင့်တုန်း ရှိသေးတယ်” ဟု ခြံပိုင်ရှင်ဖြစ်သူ ဝင်းပကျေးရွာသားတစ်ဦးက ပြောသည်။ ဒေသအသီးအနှံများ ထွက်ရှိချိန်မှာ တပေါင်းလမှ နယုန်လအထိ ဖြစ်ကြောင်း သိရသည်။

 


နာမည်ကျော် ဒူးရင်းပင်များသည် လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကတည်းက သီးနှံခြံမြေများပေါ်တွင် ရော်ဘာပင်များ အစားထိုး စိုက်ပျိုးလာသောကြောင့် လည်းကောင်း၊ အပင်များ တစ်နှစ်ထက်တစ်နှစ် သေဆုံး၊ လျော့နည်းလာမှုကြောင့် လည်းကောင်း၊ အစားထိုး ထပ်မံစိုက်ပျိုးသူ နည်းလာသောကြောင့် လည်းကောင်း၊ ရာသီပေါ် သီးနှံပင်များ၏ အထွက်နှုန်း လျော့နည်းလာခြင်းဖြစ်ကြောင်း၊ အဆိုပါသီးနှံပင်များအား ပြန်လည်စိုက်ပျိုးကြရန် လိုအပ်နေကြောင်း သိရသည်။

 


ခွန်(ဝင်းပ)